သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICOE အစီရင်စာပါကျူးလွန်မှုတွေ အရေးယူဖို့ သမ္မတ ဦးဝင်းမြင့် ညွှန်ကြား


လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်က အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ ပေးအပ်
(ICOE)
လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်က အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ ပေးအပ် (ICOE)

(Zawgyi / Unicode)

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ကျူးလွန်မှုတွေကို ဆက်လက် စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုဖို့ နိုင်ငံတော်သမ္မတက ကော်မရှင်ရဲ့ အစီရင်ခံစာအပြည့်အစုံကို နောက်ဆက်တွဲတွေနဲ့အတူ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့ပြီးဖြစ်တယ်လို့ ဇန်နဝါရီလ ၂၁ ရက်နေ့စွဲနဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေအတွင်း ပစ္စည်းဥစ္စာဖျက်ဆီးခံရတာ ဒါမှမဟုတ် လုယက်တာ ဒါမှ မဟုတ် အရပ်သားတွေက ကျူးလွန်ခဲ့တဲ့ တခြားရာဇဝတ်မှုကြီးတွေကို ဆက်လက် စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုဖို့ဖြစ်တယ်လို့ သမ္မတရုံးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ARSA အဖွဲ့ဝင်တွေ ဒါမှမဟုတ် အလိုတူ ပူးပေါင်းပါဝင်ခဲ့သူတွေက ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ တရားစွဲဆိုဖို့ ဘယ်လိုလုပ်သင့်တယ်ဆိုတာ စစ်ဥပဒေချုပ်နဲ့ လိုအပ်သလို တိုင်ပင်ဆောင်ရွက်သွားဖို့လည်း ပြည်ထောင်စုရှေ့နေ ချုပ်ကို သမ္မတက အကြောင်းကြားထားပါတယ်။

တပ်မတော်သားတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေ၊ အထူးသဖြင့် မင်းကြီးနဲ့ ချွတ်ပြင်ကျေးရွာတွေမှာ သတ်ဖြတ်မှုတွေ၊ ထွက်ပြေးသွားတဲ့ မွတ်ဆလင်တွေရဲ့ ကျေးရွာတွေကနေအိမ်တွေ မီးလောင်တာကို တားဆီးဖို့ ပျက်ကွက်ခဲ့တာ တွေအတွက် တပ်မတော် စစ်ဥပဒေချုပ်ရုံးအနေနဲ့ လက်ရှိ စုံစမ်းစစ်ဆေးမှုနဲ့ တရားစွဲဆိုမှုတွေကို တိုးချဲ့လုပ်ဆောင်နိုင်ရေး ကော်မရှင်ရဲ့ အစီရင်ခံစာအပြည့်အစုံနဲ့ နောက်ဆက်တွဲတွေကို သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ ပေးပို့ခဲ့ပြီးဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

ICOE ရဲ့ အပြီးသတ် အစီရင်ခံစာမှာ နောက်ဆက်တွဲ ၃၁ ခုအပါအဝင် စုစုပေါင်း စာမျက်နှာ ၄၅၀ ကျော် ပါပါတယ်။ အဲဒီအစီရင် ခံစာ အနှစ်ချုပ်ဖော်ပြချက်ကို အများပြည်သူဖတ်ရှုနိုင်ဖို့ သမ္မတရဲ့ ညွှန်ကြားချက်နဲ့ အင်္ဂါနေ့က ထုတ်ပြန်ပေးခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်မဖြစ်အောင် တားဆီးရေး ကြားဖြတ်လိုက်နာလုပ် ဆောင်ရမယ့်အချက်တွေကို ချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်အပေါ် အပြည်ပြည်ဆိုင်ရာတရားခုံရုံး (ICJ) က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမှတ်မှာဖြစ်တဲ့အတွက် အဲဒါကိုတက်ရောက်မယ့် မြန်မာကိုယ်စားလှယ်အဖွဲ့ အင်္ဂါနေ့က နယ်သာလန်နိုင်ငံကို ထွက်ခွာသွားပါပြီ။

မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်သွားတယ်လို့ နိုင်ငံခြား ရေးဌာန ဒုညွှန်ချုပ် ဦးဝဏ္ဏဟန်က ဗွီအိုအေကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်


................


( Unicode)








XS
SM
MD
LG