သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်အရေး မြန်မာကိုဖိအားပေးဖို့ ICRC ကို ဘင်္ဂလား တိုက်တွန်း


ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ပြီး ရေရှည် ရပ်တည်နိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာအောင် မြန်မာဘက်က ဖန်တီးပေးရေး ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံနဲ့ လက်တွဲ ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ AK Abdul Momen က ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။

ရိုဟင်ဂျာ ပဋိပက္ခကို မြန်မာဘက်က ဖန်တီးတာဖြစ်တဲ့ အတွက် ဒီပြဿနာရဲ့ အဖြေကိုလည်း မြန်မာဘက်ကဘဲ ရှာဖွေ လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ဝန်ကြီး Momen က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ICRC အဖွဲ့အကြီးအကဲ Pierre Dorbes က နိုင်ငံခြားရေးဌာနမှာ သူ့ရဲ့ ရာထူးခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားမှာ ဝန်ကြီး Momen က အဲဒီလို တိုက်တွန်း ပြောကြားလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းမှာ ရိုဟင်ဂျာတွေ အများအပြား ရောက်ရှိနေတာနဲ့ သူတို့ရဲ့ ကလေးငယ်တွေ ပညာသင်ကြားခွင့်မရတဲ့ ကိစ္စတွေအပေါ် စိုးရိမ်ကြောင်းလည်း ဝန်ကြီး Memon က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အကြီးအကဲအဖြစ် တာဝန်ပေးအပ်ခြင်း မခံရခင် Pierre Dorbes ဟာ ICRC အဖွဲ့ရဲ့ အရှေ့အာရှဒေသဆိုင်ရာ အကြီးအကဲအဖြစ် ဘေဂျင်းမြို့မှာ မနှစ် ဇူလိုင်လအထိ တာဝန်ထမ်းဆောင်ခဲ့တာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ တဘက်နိုင်ငံကိုရောက်နေတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)








XS
SM
MD
LG