သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IIMM အတွက် ရန်ပုံငွေလျာထားချက် မြန်မာကန့်ကွက်


နယူးယောက် ကုလသဂ္ဂဆိုင်ရာ မြန်မာ ဒုတိယ အမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဒေါ်မွှေးမွှေးခိုင်။
နယူးယောက် ကုလသဂ္ဂဆိုင်ရာ မြန်မာ ဒုတိယ အမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဒေါ်မွှေးမွှေးခိုင်။

မြန်မာဆိုင်ရာ လွတ်လပ်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) အတွက် လာမယ့် ၂၀၂၀ ပြည့်နှစ် ရန်ပုံငွေ လျာထားချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အထွေထွေညီလာခံရဲ့ စီမံခန့်ခွဲမှုနဲ့ အသုံးစာရိတ်ဆိုင်ရာ Fifth Committee မှာ တင်ပြသွားပါတယ်။ IIMM အတွက် ရန်ပုံငွေ လျာထားချက်ကို မြန်မာဘက်က ကန့်ကွက်လိုက်ပြီး ဒီအသုံးစာရိတ်တွေကို လက်ရှိ ဆောင်ရွက်နေတဲ့ ဌာနေပြန်ရေး လုပ်ငန်းစဉ်မှာ သုံးဖို့လည်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအဖွဲ့ ထိပ်တန်း တာဝန်ရှိသူ တဦးက တိုက်တွန်းသွားပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ကုလသမဂ္ဂရဲ့ လက်ရှိ စုံစမ်းစစ်ဆေးရေး မစ်ရှင် သုံးခုထဲမှာ မြန်မာ့ အရေးလည်း ပါဝင်ပါတယ်။ မြန်မာ၊ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့နဲ့ ဆီးရီးယား အရေး စုံစမ်းရေး ကုလသမဂ္ဂ မစ်ရှင် သုံးခု အတွက် လာမယ့် ၂၀၂၀ ပြည့်နှစ် ရန်ပုံငွေ အဖြစ် ဒေါ်လာ ၁၇ ဒသမ ၈ သန်း ရန်ပုံငွေ လျာထားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ အင်္ဂါနေ့က ကျင်းပတဲ့ စီမံခန့်ခွဲမှုနဲ့ အသုံးစာရိတ်ဆိုင်ရာ Fifth Committee မှာ တင်ပြသွားပါတယ်။

“ကုလသမဂ္ဂ အနေနဲ့ လက်ရှိမှာ စုံစမ်းရေး ယန္တရား သုံးခု ဆောင်ရွက်နေပါတယ်။ မြန်မာ၊ အစ္စလာမ္မစ် အစွန်းရောက် IS နဲ့ ဆီးရီးယား အရေးတို့ ဖြစ်ပါတယ်။ အထွေထွေ ညီလာခံရဲ့ တောင်းဆိုချက်နဲ့ အညီ ကျနော်တို့ အနေနဲ့ ဒေါ်လာ ၁၇ ဒသမ ၈ သန်း အဆိုပြုပါတယ်။ ဒီထဲမှာ ဆီးရီးယား အရေး အတွက် လွတ်လပ်ပြီး သမာသမတ်ကျတဲ့ နိုင်ငံတကာ ယန္တရား အတွက် ယာယီ ဝန်ထမ်း ၆၀ အတွက်လည်း ပါဝင်ပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့ IIMM ကတော့ မြန်မာနိုင်ငံတွင်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရာဇဝတ်ကြောင်း အရ အရေးယူ တရားစွဲဆိုနိုင်ရေး အတွက် အဓိက ဆောင်ရွက်တဲ့ အဖွဲ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာနဲ့ အခြားလူနည်းစု လူမျိုးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူနိုင်ဖို့ ဒီအဖွဲ့ ဖွဲ့စည်းမှုကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ အတည်ပြု ဆုံးဖြတ် ခဲ့တာပါ။ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင်းဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာ ဥပဒေချိုးဖောက်မှုတွေအပေါ် ခိုင်မာတဲ့အချက်အလက်တွေ စုံစမ်းရယူပြီး အမှုတည်ဆောက်ထားဖို့ဆိုတဲ့ လုပ်ပိုင်ခွင့် ပေးထားပါတယ်။ ဒီအဖွဲ့အတွက် အသုံးစာရိတ် ချထားပေးတာက ဖြုန်းတီးမှုသက်သက်သာ ဖြစ်တယ်လို့ နယူးယောက် ကုလသဂ္ဂဆိုင်ရာ ဒုတိယ အမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဒေါ်မွှေးမွှေးခိုင်က ကော်မတီမှာ အခုလို ကန့်ကွက်သွားပါတယ်။

"မြန်မာနိုင်ငံ အတွက် အချိုးအစား မမျှမတ သုံးစွဲနေတာတွေကို လက်ရှိ ကြိုးပမ်းနေတဲ့ ဌာနေပြန်ရေး လုပ်ငန်းစဉ် အောင်မြင်ရေး အတွက် အသုံးပြုသင့်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံရဲ့ ပူးပေါင်း ဆောင်ရွက်မှု မပါတဲ့ ယန္တရား အနေနဲ့ လက်ဆုပ်လက်ကိုင် ရလဒ်မျိုး ထွက်လာမှာ မဟုတ်ပါဘူး။"

ကျူးလွန်မှုတွေ အတွက် တာဝန်ယူမှု တာဝန်ခံမှု ဆိုတာကို မြန်မာ အစိုးရဘက်က ဆန့်ကျင်နေတာ မဟုတ်ဘဲ ရခိုင်ပြည်နယ်တွင်း ပြဿနာတွေကြောင့် ထိခိုက်ရသူ အားလုံးကိုလည်း ထောက်ထား စာနာကြောင့် သံအမတ်ကြီး ဒေါ်မွှေးမွှေးခိုင်က ကော်မတီမှာ တင်ပြသွားပါတယ်။ မြန်မာနိုင်ငံတွင်းက ကျူးလွန်ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာဘက်က ကိုယ်တိုင် ဆောင်ရွက်နိုင်စွမ်းရှိတာကြောင့် IIMM မလိုအပ်ဘူးလို့လည်း သံအမတ်ကြီးက VOA ကို ပြောပါတယ်။

“ကျမတို့ကတော့ IIMM ကို လူ့အခွင့်အရေးကောင်စီကနေပြီးတော့ ဘက်လိုက်ပြီး ခွဲခြားဆက်ဆံတယ်။ ဒီခွဲခြားဆက်ဆံတဲ့ ဆုံးဖြတ်ချက်ကနေ ပေါ်ထွက်လာတဲ့အတွက် နဂိုစပြီး ထူထောင်စဉ်ကတည်းက မြန်မာနိုင်ငံက လက်မခံခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးဆိုတာလည်း အတိအလင်း ကြေညာထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအတွက်ကို ရန်ပုံငွေချတယ်ဆိုတာကို ကျမတို့ ကန့်ကွက်တယ်။ ကျမတို့ကတော့ ဒီလိုပေါ့နော် ဒါတွေကို တာဝန်ခံမှု ရှိစေရေးဆိုပြီးတော့ accountability နဲ့ ပတ်သက်ပြီးတော့ စုံစမ်းဖို့ကို ပြောတယ်။ စုံစမ်းဖို့ ဒီအဖွဲ့ကို ဖွဲ့တယ်ပေါ့နော်။ အဲလိုဖွဲ့တယ်ဆိုတဲ့အခါမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ယန္တရားက ၇ ခု ထက်မနည်းရှိလာခဲ့ပြီပေါ့နော်။ ဒီလိုမြန်မာနိုင်ငံ တနိုင်ငံတည်းအတွက် ဒီလောက်အများကြီး ကုန်ကျခံမယ်။ နောက် ဒီကိစ္စကလည်း တာဝန်ခံမှု ဆိုတဲ့ ကိစ္စမှာလည်း မြန်မာနိုင်ငံ အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ လုပ်နိုင်တဲ့ ကိစ္စတခုကို IIMM ဆိုပြီးတော့ လုပ်တဲ့အခါကျတော့ ကျမတို့အနေနဲ့ ကန့်ကွက်တာပါ။”

ဒါပေမယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာထဲမှာ ပါဝင်တာကြောင့် IIMM အတွက် ရန်ပုံငွေကတော့ အတည်ဖြစ်သွားတဲ့ သဘောလို့လည်း သံအမတ်ကြီးက ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာ မူဆလင် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရတဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ လုပ်ရပ်ဟာ လူမျိုးတုံးသွားစေဖို့ ရည်ရွယ်ချက်ပါတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့ FFM က ထောက်ပြထားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် လုံခြုံရေးဆိုင်ရာ ထိပ်တန်း တာဝန်ရှိသူတွေကို နိုင်ငံတကာ ဥပဒေနဲ့ အရေးယူဖို့ တိုက်တွန်းထားတာပါ။

မြန်မာ အစိုးရဘက်ကတော့ FFM အဖွဲ့ရဲ့ အစီရင်ခံချက်တွေ အားလုံးကို ဘက်လိုက်တယ်ဆိုပြီး ပယ်ချထားတာပါ။ ရခိုင်ပြည်နယ်တွင်းက ထွက်ပြေးရသူတွေကို စိစစ်ပြီး ပြန်လက်ခံမယ်လို့ ပြောထားပေမယ့် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကိုတော့ အစိုးရက အခုအချိန်ထိ လက်မခံပါဘူး။ FFM အဖွဲ့ရဲ့ ရှာဖွေ တွေ့ရှိချက်တွေကို ဆက်ခံတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ယန္တရား IIMM က နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှု ခိုင်မာတဲ့ အထောက်အထားတွေကို တည်ဆောက်မှာ ဖြစ်ပါတယ်။

........................

{Unicode}











တိုက်ရိုက် လင့်ခ်


XS
SM
MD
LG