တရုတ်-မြန်မာ ယူနန်ပြည်နယ်နယ်စပ် Dehong အထူးဒေသထဲမှာ တရုတ်နိုင်ငံသားတွေနဲ့ လက်ထပ်ထားတဲ့ မြန်မာအမျိုးသမီး သုံးသောင်းနီးပါး တရားမဝင်နေထိုင်နေကြပြီး သက်သေခံအထောက်အထားတွေ မရှိဖြစ်နေတဲ့အတွက် ကူညီကယ်ဆယ်ပေးနိုင်ရေး အခက်အခဲဖြစ်နေတယ်လို့ တရုတ်အစိုးရထုတ် Global Times သတင်းစာက ဖော်ပြပါတယ်။ မြန်မာဘက်ကတော့ ဒီလိုအခက်အခဲဖြစ်နေရတဲ့ မြန်မာအမျိုးသမီးလေးတွေ ကူညီကယ်ဆယ်နိုင်ရေး တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ နှစ်နိုင်ငံ ပူးပေါင်းစီစဉ် ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေဆဲပဲလို့ လူကယ်ပြန်ဝန်ကြီးဌာန တာဝန်ရှိသူကပြောပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပေးပါမယ်။
စစ်တမ်းကောက်ယူချက်မှတ်တမ်းတွေအရ တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ထားတဲ့ ဦးရေ နှစ်သောင်းနဲ့ သုံးသောင်းကြား မြန်မာအမျိုးသမီးတွေဟာ တရားဝင်စာရွက်စာတမ်းမရှိပဲ ဆင်းဆင်းရဲရဲ နေထိုင်နေကြတယ်လို့ အထူးဒေသ လွှတ်တော်စစ်တမ်းတခုကို ကိုးကားပြီး တရုတ်အစိုးရထုတ် Global Times သတင်းစာက ဖော်ပြတာပါ။ ဒီမြန်မာအမျိုးသမီးလေးတွေမှာ တရားဝင်နေထိုင်ခွင့်အထောက်အထား မရှိတဲ့အတွက် လူမှုဖူလုံရေး၊ ကျန်းမာရေးစတဲ့စောင့်ရှောက်မှုတွေ မရပဲ ဆင်းဆင်းရဲရဲ ဒုက္ခရောက်နေကြတယ်လို့ ဆိုထားပါတယ်။ သူတို့ရဲ့အခက်အခဲတွေကို ကူညီကယ်ဆယ် စောင့်ရှောက်ပေးချင်ပေမဲ့လို့ ID သက်သေခံလက်မှတ်မရှိတဲ့အတွက် ဘယ်လိုအကျိုးခံစားမှုမျိုးကိုမှ မရရှိပဲဖြစ်နေကြရတာလို့ အထူးဒေသ လွှတ်တော်ကော်မတီတာဝန်ရှိသူက ပြောတာကို Global Times မှာ ကိုကား ရေးသားထားပါတယ်။
မြန်မာအစိုးရဘက်ကတော့ တရုတ်-မြန်မာနယ်စပ်တလျောက် အခုလို တခြားနိုင်ငံသားနဲ့လက်ထပ်တဲ့ မြန်မာအမျိုးသမီးလေးတွေ၊ နောက် လူကုန်ကူးခံရတဲ့အမျိုးသမီးလေးတွေ ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ ပြည်ထဲရေး၊ နယ်စပ်ရေးရာနဲ့ ရှေ့နေချုပ်ရုံးအပါအဝင် လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတွေက ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ လူကယ်ပြန်ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ယုယုဆွေက ရှင်းပြပါတယ်။
“တရားစွဲတာတွေ သူတို့ ရပိုင်ခွင့်ရတဲ့ ကိစ္စတွေကို ရှေ့နေချုပ်ရုံးက ဦးဆောင်ပြီးတော့ လုပ်တယ်။ ဖမ်းတာ ဆီးတာ သူတို့ကို လူကုန်ကူးခံရသူအဖြစ်နဲ့ သတ်မှတ်တာ ကြိုတင်ကာကွယ်တာတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုပ်တယ်။ ဆရာမတို့က RNR လို့ခေါ်တဲ့ ပြန်လည်လက်ခံရေး ပြန်လည်ပေါင်းစီးရေး ပြန်လည်ထူထောင်ရေးအပိုင်းကို ဆရာမတို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက လုပ်တာ။ အဲဒီတော့ တရုတ်ပြည်နယ်စပ်မှာ ကျတော့ ဆရာမတို့က ဘာလုပ်ထားသလဲဆိုတော့ မူဆယ်မှာ ယာယီစောင့်ရှောက်ရေး ဂေဟာရှိတယ်။ နယ်စပ်ကနေပြီးတော့ ပြန်ရောက်လာတဲ့ မိန်းကလေးတွေကို BLO ( Border Liaison Office) တွေကနေ လက်ခံတယ်။ လက်ခံပြီးတော့ သူတို့ကို အိမ်ရောက်အောင်ပြန်ပို့တယ်။ ပို့ပြီးတဲ့အခါမှာ လိုအပ်တဲ့ Reintegration assistance ကို ပေးတယ် ဒါက လက်ရှိလုပ်နေတဲ့ လုပ်ငန်းစဉ်ပေါ့နော်။”
ဒီလိုဆောင်ရွက်တဲ့အခါမှာ တရုတ်-မြန်မာနယ်စပ်နဲ့ အထူးသဖြင့်ကတော့ တရုတ်နိုင်ငံဘက်ခြမ်းထဲ ရောက်သွားတဲ့ မြန်မာအမျိုးသမီးလေးတွေကို ကူညီကယ်ဆယ်နိုင်ရေးအတွက်ကိုတော့ တရုတ်-မြန်မာနိုင်ငံ အစိုးရခြင်း ပူးပေါင်းဆောင်ရွက်နိုင်ရေး အစိုးရခြင်း တရားဝင် လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ဖို့ လတ်တလောမှာ စီစဉ်နေဆဲမို့ အခက်အခဲတွေရှိနေတုန်းပဲလို့လည်း ညွှန်ကြားရေးမှူး ဒေါ်ယုယုဆွေက ပြောပါတယ်။
“ဟိုဘက်မှာ ရောက်နေတဲ့ သူတို့အတွက် ID အခက်အခဲ ရှိတယ်ဆိုတဲ့ နေရာမျိုးမှာက ဟိုဘက်ကနေ ဒီဘက်ကို ရောက်လာတဲ့အခါမှာ တရုတ်နဲ့ ဒီဘက်က မြန်မာနိုင်ငံ လူမူဝန်ထမ်းနဲ့ အချိန်အဆက် မရှိဘူး။ ဆရာမတို့လည်း အဲဒါကို ရဖို့အတွက်ကြိုးစားနေတယ်။ ဟိုဘက်မှာ ရှိနေတဲ့လူဆိုလို့ရှိရင် သူတို့အတွက်လိုအပ်တဲ့ အခွင့်အရေးတွေရဖို့တွေ၊ သူတို့အတွက်လိုအပ်တဲ့ information ပေါ့နော် အချက်အလက်တွေပေါ့ သူတို့ဟာ ဘယ်ကလာတယ်၊ သူတို့ဟာ ဘယ်အရပ်ကလဲ သူတို့ဟာ မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်ဖို့ ၊ အခုဟာက ဟိုဘက်နဲ့ ဒီဘက်နဲ့မှာ ကြိုတင်ပြီးတော့ ဆက်သွယ်တာမျိုးတွေ မရှိပဲနဲ့ အဲ့လို system တွေဖြစ်နေတယ်။ ဒီဘက်ကနေ ဒီလိုမျိုးကို ကူညီချင်သော်လည်း ဟိုဘက်ကနေပြီးတော့ information ကမလာဘူး။ ဒါမြန်မာဟုတ်မဟုတ် NC (National Clarification) စစ်ဖို့အတွက်ကို လဝကကလည်း ချက်ချင်းလုပ်ပေးတယ်၊ NC ရတယ် ဒါမြန်မာနိုင်ငံသားသေချာပါပြီဆိုရင် သူတို့ဘက်ကနေ official ပြောလာမယ်ဆိုရင် ok တယ်။ ဒါပေမယ့် တို့မှာက တရုတ်ဘက်မှာ အဲလို information မရဘူး။ တွဲပြီးလုပ်ရမယ့်အနေအထားကို ရောက်မလာဘူး။ သူတို့ဘက်က သွန်သွန်ချသွားတာကိုပဲ ရောက်လာတဲ့အချိန်ကျမှ ကောက်ပြီးတော့ တို့ဘက်ကနေပြီးတော့ ဒါမြန်မာလူမျိုးပါ သူ့ကို ဒီဘက်ပို့ပေးပါ ၊ သူတို့ဘက်မှာ NC စစ်ခိုင်းတာတွေမရှိသလို တို့ဘက်ကလည်း NC စစ်ဖို့ဆိုတာက တို့ ဂေဟာ ကိုရောက်ပြီးမှ ရိုက်ကြတာပေါ့နော် အဲလိုမျိုးဖြစ်နေတယ်။”
အခုလို တရုတ်-မြန်မာနယ်စပ် အထူးသဖြင့် ယူနန်ဘက်ခြမ်းဘက်မှာ မြန်မာအမျိုးသမီးလေးတွေ အခက်အခဲဖြစ်နေတာ ဒုက္ခရောက်နေကြရတာတွေကို ဥပဒေကြောင်းအရ ကူညီစောင့်ရှောက် ကယ်ဆယ်နိုင်ဖို့က တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်နိုင်ရေး မြန်မာအစိုးရဘက်က အလေးအနက်ထားဆောင်ရွက်ဖို့က အရေးတကြီးလိုအပ်တယ်လို့ ကချင်ပြည်နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူကလည်း အကြံပြုပါတယ်။
“ဟိုဘက်မှာ အိမ်ထောင်ပြုပြီး နေခွင့်မရတဲ့သူတွေပေါ့နော် တရုတ်ဘက်က နယ်စပ်ကလူတွေနဲ့ ဒီဘက်က အစိုးရခြင်းက အများကြီးပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ ဗဟိုအစိုးရကနေ အဓိက ဆောင်ရွက်ဖို့ တာဝန်ရှိနေတဲ့အခါကျတော့ ဗဟိုအစိုးရနဲ့ ကျမတို့နဲ့ ထိစပ်နေတဲ့ ယူနန်ပြည်နယ်ပေါ့ အဲဒီကနေတဆင့် ကျမတို့ တိုင်းပြည် ထဲဝင်တာပေါ့နော်။ အဲဒီအခါကျတော့ ဒီနယ်စပ်ချင်းထိစပ်နေတဲ့အစိုးရ နောက် ဗဟို အစိုးရ အားလုံးက ပေါင်းစပ်ညှိနှိုင်းဖို့လိုတယ်။ နောက် နယ်စပ်ချင်းထိနေတဲ့ နေရာမှာရှိတဲ့ ကျမတို့ အဖွဲ့အစည်းတွေအားလုံးကလည်း ဒီအမျိုးသမီးတွေအတွက် ဆောင်ရွက်ပေးဖို့ အများကြီးလိုတာပေါ့နော်။”
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်ဘက်ခြမ်းမှာ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA နဲ့ မြန်မာအစိုးရတပ်တို့ကြား နှစ်နဲ့ချီ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်တာမို့ သိန်းချီတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရသလို တရုတ်နိုင်ငံဘက်ခြမ်းကိုလည်း ခိုလှုံနေကြရတာဖြစ်ပါတယ်။
တရုတ်-မြန်မာ ယူနန်ပြည်နယ်နယ်စပ် Dehong အထူးဒေသထဲမှာ တရုတ်မြန်မာနယ်စပ်ဘက်ခြမ်း မှာ လူကုန်ကူးမှုတွေနဲ့ ဒုစရိုက်မှုနဲ့ မူးယစ်ဆေးဝါးပြသနာ အပါအဝင် HIV/AIDS ကူးစက်ရောဂါပြန့်ပွားမှုတွေ နဲ့ ရှိနေပြီး ဖြစ်စဉ် ၅၀%လောက်ဟာ တရားမဝင်နေထိုင်နေကြတဲ့ မြန်မာတွေကြောင့်ဖြစ်တယ်လို့ Global Times မှာ ရေးသားထားပါတယ်။