သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးအလုပ်သမား ပပျောက်ရေး ကုလရည်မှန်းချက် အောင်မြင်ဖွယ်မရှိ


ကလေးလုပ်သား
ကလေးလုပ်သား

ကမ္ဘာ့ဒေသ အသီးသီးက သန်းနဲ့ချီတဲ့ ကလေးငယ်တွေဟာ အလုပ်သမားတွေအဖြစ် ခိုင်းစေ ခံနေရတာကြောင့် ဒါကို ပပျောက်ရေးကြိုးပမ်း ကြဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO က တိုက်တွန်းလိုက်ပါတယ်။ ကမ္ဘာ့ ကလေးလုပ်သား ဆန့်ကျင်ရေးနေ့ ဂျနီဗာမြို့မှာ ကျင်းပတဲ့အကြောင်း Lisa Schlein ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ကမ္ဘာပေါ်မှာ ကလေးအလုပ်သမား သန်း ၁၅၀ ကျော်ရှိတဲ့အထဲ အသက် ၅နှစ်အရွယ်တွေလည်း ပါဝင်ပါတယ်။ အများစုက အချိန်ရှည် အလုပ်လုပ်ရပေမဲ့ လုပ်ခ အနည်းအကျဉ်း ဒါမှမဟုတ် တပြားမှ မရတာမျိုးလည်းရှိတာကြောင့် ကျွန်တွေသဖွယ် အနိုင်ကျင့်ခံနေရတာပါ။ သူတို့ထဲက ထက်ဝက်လောက်ဟာ ကျန်းမာရေးနဲ့ မညီညွတ်ပဲ အန္တရာယ်များတဲ့ အလုပ်မျိုးမှာ ကလေးအလုပ်သမားတွေအဖြစ် လုပ်နေရ တယ်လို့ ILO အဖွဲ့ကပြောပါတယ်။

အဓိကအားဖြင့်တော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ ခိုင်းစေကြပြီး၊ သတ္တုတူးဖေါ်ရေး၊ ဆောက်လုပ်ရေး၊ ပြည်တွင်းဝန်ဆောင်မှု နဲ့ ငါးဖမ်းလုပ်ငန်း စတဲ့ အန္တရာယ်များတဲ့ အလုပ်တွေကို လုပ်ကိုင်နေရပါတယ်။ သူတို့ဟာ ကလေးလုပ်သားတွေအဖြစ် အဆိုးဝါးဆုံး အခြေအနေ အောက်မှာ ပိတ်မိနေကြတယ်လို့ ILO အဖွဲ့ရဲ့ လုပ်ငန်းခွင်ရပိုင်ခွင့်နဲ့ အခြေခံမူဝါဒဌာန အကြီးအကဲ Beate Andrees က ပြောပါတယ်။

ILO ရဲ့ စံ သတ်မှတ်ချက်အရအဆိုးဝါးဆုံးအခြေအနေဆိုတာက ကလေးလုပ်သားတွေအတွက် အန္တရာယ်များတာ၊ ကလေးတွေရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်စေတာနဲ့ အကျင့်စာရိတ္တ ပျက်ပြားမှုတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကလေးလုပ်သားအဖြစ် အဓမ္မ ခိုင်းစေခံရတာ၊ လူကုန်ကူး ခံရတာနဲ့ ကလေးစစ်သားအဖြစ် စုဆောင်းခံရတာတွေလည်း ပါပါတယ်။

အာရှနဲ့ လက်တင်အမေရိကမှာတော့ ကလေးအလုပ်သမား လျော့ချမှုမှာ သိသာတဲ့တိုးတက်မှုတွေ ရှိလာတယ်လို့ Andrees က ပြောပေမဲ့ အာဖရိကမှာတော့ လျော့မသွားဘူးလို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ အာဖရိဟာ ကလေးလုပ်သား အများဆုံးရှိတဲ့ ဒေသဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီလိုဖြစ်ရတာက ကလေးလုပ်သား လျော့ချရေးလုပ်ဆောင်ချက်နဲ့ တိုက်ရိုက် မသက်ဆိုင်ပဲ၊ စနစ်တကျ ဖွံ့ဖြိုးတိုးတက်မှု၊ ရွှေ့ပြောင်းအခြေချမှု ရာသီဥတုပြောင်းလဲမှုနဲ့ စီးပွားရေးပြသနာအကြောင်းရင်းခံ စတာတွေနဲ့ တိုက်ရိုက် သက်ဆိုင်နေပြီး ဒေသအလိုက် သီးခြားစီ ဖြစ်နေတာပါ။

အခုလို စိုးရိမ်ဖွယ်အခြေနေကြောင့် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ထိရောက်တဲ့ ဆုံးဖြတ်ချက် ချနိုင်ရေးအတွက် African Union နဲ့ တွေ့ဆုံဖို့ လိုလားတယ်လို့ Andrees ကပြောပါတယ်။ ကုလသမဂ္ဂကချမှတ်ထားတဲ့ ရေရှည်ခံမယ့် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် ရည်မှန်းချက် အတိုင်း၊ ကလေးလုပ်သား ထိရောက်စွာလျော့ချရေး ၁၀-နှစ်စီမံကိန်းကို African Union ကလုပ်နေတယ်လို့ သူမက ဆိုပါတယ်။

၂၀၂၅ ကျရင် ကလေးလုပ်သားတွေ ပပျောက်စေရမယ်လို့ ကုလသမဂ္ဂက ရည်မှန်းထား တာပါ။ ဒါပေမဲ့ လက်ရှိနှုန်းထား အတိုင်းသာ လုပ်နေလို့ကတော့ အောင်မြင်မှုရမှာ မဟုတ်ဘူးလို့ Andrees က သတိပေးလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG