သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးအလုပ်သမား ပပျောက်ရေး ကြိုးပမ်းဖို့ မြန်မာအစိုးရကို ILO တိုက်တွန်း


မြန်မာပြည်တွင်းက ကလေးအလုပ်သမားများ
မြန်မာပြည်တွင်းက ကလေးအလုပ်သမားများ

မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားဦးရေ လျော့ကျသွားပေမဲ့ ပပျောက်အောင် ဆောင်ရွက်စရာတွေ ကျန်နေသေးတယ်လို့ အပြည့်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကပြောဆိုလိုက်ပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ ကလေးအလုပ်သမား ပပျောက်ရေး နိုင်ငံတော်အဆင့် မူဝါဒချ ကြိုးပမ်းနေကြောင်း ကမ္ဘာတဝန်း ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ ဒီကနေ့ ကျင်းပရာမှာ ပြောဆိုခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ရန်ကုန်မြို့က အခမ်းအနားကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် စိုင်းပြည့်သူက ပြောပြပေးမှာပါ။

မြန်မာနိုင်ငံ မှာ ကလေးလုပ်သားဦးရေ လျော့နည်းသွားပေမယ့် ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေကြတဲ့ အရေအတွက်ကတော့ ခြောက်သိန်းကျော်အထိ ရှိနေသေးတယ်လို့ ILO ကပြောပါတယ်။ ဒီအတွက်လည်း အစိုးရအနေနဲ့ နည်းလမ်းတွေရှာဖို့ လိုအပ်နေကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က ဆက်သွယ်ညှိနှိုင်းရေး အရာရှိ မစ္စတာ Rory Mungoven က တိုက်တွန်းလိုက်တာပါ။

“ကျနော်အကြံပြုချင်တာကတော့ အစိုးရအနေနဲ့ ကလေးလုပ်သားတွေ ပပျောက်ဖို့ဆိုရင် အစိုးရအနေနဲ့ အလုပ်သမားသမဂ္ဂတွေ၊ မိတ်ဖက်အဖွဲ့ အစည်းတွေ၊ လူထုအခြေပြုအဖွဲ့တွေနဲ့ လက်တွဲလုပ်ကိုင်သွားဖို့ လိုပါတယ်။ နောက်ပြီး ဒီကလေးတွေနဲ့ နေ့စဉ်ထိတွေ့ဆက်ဆံရတဲ့ သူတို့ရဲ့မိသားစု တွေ၊ ဆရာဆရာမတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးဖို့လည်းလိုအပ်ပါတယ်”

အစိုးရကတော့ ကလေးလုပ်သားပပျောက်ဖို့အတွက် အမျိုးသားအဆင့် လုပ်ငန်းစီမံချက် တစ်ခု အနေနဲ့ ထားရှိပြီး အကောင်အထည်ဖော် ဆောင်ရွက် နေတယ် လို့ မြန်မာနိုင်ငံ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ရဲ့ ညွှန်ကြားရေးမှူးချူပ် ဦးညွန့်ဝင်း က ပြောပါတယ်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ရဲ့ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ရူပါမြ ကလည်း ကလေးတွေအတွက် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေ မူကြမ်း ကိုရေးဆွဲထားပြီးဖြစ်သလိုဒါကို နိုင်ငံတော် သမ္မတ ထံ တင်ပြတာမို့ မကြာခင်မှာ ဒီဥပဒေကြမ်းက တရားဝင် ဖြစ်တော့မယ် လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာ မင်းခေါင်ဦး ကတော့ ကလေးလုပ်သား ပပျောက်ရေး ကြိုးပမ်းမှုတွေအပေါ် အားရကျေနပ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ နိုင်ငံက ဒီဟာကို ကြိုဆိုတယ် ဒါလှုပ်ရှားမှုကိုပြသခြင်းအားဖြင့် ဒါ ကောင်းတဲ့ အချက်ပါပဲ နောက်ပြီးတော့လည်း ဒီဟာ ကျနော်တို့ လက်ရှိ ဒီပွဲမှာလုပ်သွားတယ်ဆိုရင် Ministry of Labor ကလည်း အခု presentation လုပ်သွားတယ် national plan နဲ့ပတ်သတ်ပြီး ဘာတွေလုပ်နေတယ် နောက်ပြီး နိုင်ငံတော်နဲ့ အစိုးရရဲ့ သဘောထားကလည်း ဘယ်လို ရှိတယ် ဒီ child labor နဲ့ ပတ်သတ်ပြီးတော့ ဒါတော အကုန်လုံးကို ရှင်းရှင်းလင်းလင်းတင်ပြပြီးတော့နိုင်ငံတကာကို သိစေတဲ့ အတွက်ကြောင့်မို့ကျနော်တို့ နိုင်ငံက ဒီ ကလေးအလုပ်သမားနဲ့ ပတ်သတ်ပြီးတော့ ဒါကို အာရုံစိုက်ပြီး အဓိက ထားလုပ်နေတယ် ၊ ပပျောက်အောင် လျော့နည်းသွားအောင်လုပ်နေတယ် ဒီနိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဒါကို လုပ်နေပါတယ်ဆိုတာကို ကျနော်တို့ နိုင်ငံတကာကိုသိအောင်ကြေညာသွားတဲ့ အတွက်ကြောင့်မို့ ဒီနေ့ ပွဲဟာ အင်မတန်ကိုကောင်းတဲ့ပွဲပါပဲ”

ILO ကထုတ်ပြန်ထားတဲ့ စစ်တမ်းအရ ကလေးလုပ်သားအများဆုံးရှိနေတဲ့ လုပ်ငန်းက စိုက်ပျိုးရေး လုပ်ငန်းတွေမှာဖြစ်ပြီး ဒီလိုများရတာ က ဆင်းရဲမွဲတေတာ အပြင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု မရှိတာ၊လမ်းပန်းဆက်သွယ်ရေး မကောင်းတာ၊ စစ်ဖြစ်ပွားရာဒေသ တွေမှာ တည်ငြိမ် အေးချမ်းမှု မရှိတာ တွေကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဇွန်လ ၁၂ ရက်နေ့တိုင်းမှာ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အဖြစ် နဲ့ သတ်မှတ်ပြီး တော့ ကမ္ဘာတစ်ဝှမ်းလုံး မှာ နှစ်စဉ်နှစ်တိုင်း ကျင်းပနေတဲ့ ILO ကတော့ လာမယ့် ၂၀၂၅ မှာ ကလေးအလုပ်သမား ပြဿနာ အမြစ်ပြတ် တိုက်ထုတ်နိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG