သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းသမားတွေကို တိုက်ခိုက်မှုတွေ ပြစ်ဒဏ်ကင်းလွတ်နေ


ယူကရိန်းနိုင်ငံမှာသတင်းယူနေတဲ့သတင်းသမားတဦးရဲ့ ကင်မရာကို စစ်ပွဲကြားပျက်စီးသွားတဲ့ကားတစီးအတွင်း တွေ့ရစဉ် (ဇန်နဝါရီ ၁၁၊ ၂၀၂၄)
ယူကရိန်းနိုင်ငံမှာသတင်းယူနေတဲ့သတင်းသမားတဦးရဲ့ ကင်မရာကို စစ်ပွဲကြားပျက်စီးသွားတဲ့ကားတစီးအတွင်း တွေ့ရစဉ် (ဇန်နဝါရီ ၁၁၊ ၂၀၂၄)

စစ် ဒါမှမဟုတ် ပြည်တွင်း ပဋိပက္ခ ကြုံနေကြရတဲ့ တိုင်းပြည်တွေမှာ သတင်းသမားတွေ အတိုက်ခိုက်ခံနေရပေမဲ့ အရေးယူမခံရ လွတ်နေကြပါတယ်။ မကြာခင်နှစ်တွေ အတွင်း အသတ်ခံရတာ အများစုကိုလည်း မဖြေရှင်းနိုင်သေးဘူး လို့ စောင့်ကြည့်နေကြတဲ့ အစုအဖွဲ့တွေက ပြောကြပါတယ်။ Liam Scott နဲ့အတူ Cristina Caicedo Smit ပို့ထားတဲ့ သတင်းဆောင်းပါးကို ဦးတင်မောင်သန်းက ပြောပြပါမယ်။

PRESS ဆိုတဲ့ အမှတ်အသား ရှိပါလျက် ရိုက်တာ သတင်းထောက်နဲ့ တခြားသတင်းထောက်တွေ ဆီကို အစ္စရေး တင့်ကားက ပစ်လိုက်လို့ လက်ဘနွန်မှာ Issam Abdallah အသတ်ခံလိုက်ရတာ တနှစ် ကျော်သွားခဲ့ပါပြီ။ မီဒီယာကို ပစ်မှတ်ထားကြောင်း အစ္စရေးက ငြင်းလိုက်ပြီး၊ စုံစမ်းစစ်ဆေးမယ်လို့ ပြောပါတယ်။ ရိုက်တာ အယ်ဒီတာချုပ် Alessandra Galloni က အခုလို ပြောနေရတုန်းပါ။

“သူ အသတ်ခံရတာကို ပွင့်လင်းမြင်သာ အပြည့်အဝ စုံစမ်းစစ်ဆေး ..၊ တွေ့တာတွေ ကို ထုတ်ဖော်ကြေညာ၊ တာဝန်ရှိသူကို အရေးယူဖို့ အစ္စရေးကို ကျွန်မတို့ တကြိမ် ထပ်တောင်းဆိုပါတယ်။”

ကုလသမဂ္ဂ အလိုအရ၊ မီဒီယာ လုံခြုံရေး နဲ့ သတင်းသမားတွေ အတိုက်ခိုက်ခံရရင် တာဝန်ခံမှုရှိရေး ဟာ တကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်ချက် ဖြစ်နေဆဲပါ။ ကုလလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Volker Türk က အခုလို ပြောပါတယ်။

“အမှားကို ဖွင့်ချပြီး ပဋိပက္ခရဲ့ ကြောက်မက်ဖွယ် အမှန်တွေကို ပြသနေတဲ့ သတင်းသမားတွေ ဟာ လူ့အခွင့်အရေး ကာကွယ်သူတွေ ဖြစ်ကြပါတယ်။ သူတို့ကို တိုက်ခိုက်တာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နဲ့ သတင်းရယူပိုင်ခွင့်တွေ အပေါ် သက်ရောက်ပြီး၊ ကျွန်တော်တို့တွေ သတင်း ကောင်းကောင်း မရ ဖြစ်ကြပါလိမ့်မယ်။”

သတင်းစာဆရာများ ကာကွယ်ရေး ကော်မီတီ CPJ ရဲ့ အရေးယူမခံရဘဲ လွတ်လွတ်နေတဲ့ အညွှန်းကိန်း မှာ စစ် ဒါမှမဟုတ် ပြည်တွင်း ပဋိပက္ခ ဟာ အကြောင်းအချက်တွေ ဖြစ်ကြပါတယ်။ သတင်းသမားတွေ အသတ်ခံရပြီး၊ သတ်သူတွေ လွတ်နေတဲ့ တိုင်းပြည်တွေကို CPJ က ကြည့်ထားတာပါ။ ထိပ်ဆုံးမှာ ဟေတီ နဲ့ အစ္စရေးတို့ ဖြစ်ကြပါတယ်။

ဟေတီ မှာ ဂိုဏ်းအကြမ်းဖက်မှု၊ တရားရေးစနစ် အာဏာ မတည်တာ၊ နိုင်ငံရေး မတည်ငြိမ်တာတွေကြောင့် မီဒီယာ သမားတွေ အသတ်ခံရရင် တာဝန်ခံမှု မရှိနိုင်ဖြစ်ရပါတယ်။ စီပီဂျေ အလိုအရ၊ ပြီးခဲ့တဲ့ ဆယ်စုမှာ သတင်းစာဆရာ ၇ ယောက် အသတ်ခံခဲ့ရပေမဲ့ ခုထိ မရှင်းနိုင်သေးပါဘူး။

အစ္စရေး ဟာမတ်စ် စစ်ကလည်း ဒီအတိုင်းပါပဲ။ ဟာမတ်စ် အစ္စရေး စစ် စခဲ့တဲ့ ၂၀၂၃ ကတည်းက သတင်းသမား အနည်းဆုံး ၁၃၇ ယောက် သေဆုံးခဲ့ပြီး အားလုံးနီးနီးက ပါလက်စတိုင်းတွေပါ။ Mondoweiss မီဒီယာ သတင်းထောက် Tareq Hajjaj က အန္တရာယ်ကြား အလုပ်သွားရပုံကို ခုလို ပြောပါတယ်။

“နေ့တိုင်း၊ အချိန်တိုင်း အလုပ်သွားရတာ .. တကယ့်ကို အသက်ပေးထားရတဲ့ ခရီးပါပဲဗျာ”

ယူကရိန်းမှာတော့ လုပ်ဖော်ကိုင်ဖက် တယောက်ဆုံးရှုံးသွားလို့ သတင်းသမားတွေ ဝမ်းနည်းကြေကွဲကြရပါတယ်။ ယူကရိန်း ကို ရုရှား ကျူးကျော်တာကို မှတ်တမ်း ရုပ်ရှင် ရိုက်ခဲ့ပြီး၊ ဆုရ သတင်းစာဆရာမ Viktoria Roshchyna ဟာ ရုရှားတွေ ဖမ်းထားတုန်း သေဆုံးသွားခဲ့ရတာပါ။ အလောင်းပြန်ပေးဖို့ ရုရှား က ငြင်းဆိုပါတယ်။ ဒါကြောင့် အသက် ၂၇ နှစ်အရွယ် ရိုရှင်းညား ဘယ်လိုကြောင့် ဆုံးသွားသလဲ စုံစမ်းစစ်ဆေးဖို့ ခက်သွားပါတယ်။ နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေရှင်း ရဲ့ အလုပ်အမှုဆောင် အရာရှိ Elisa Lees Muñoz က အခုလို ပြောပါတယ်။

“ယူကရိန်း အမျိုးသမီး သတင်းစာဆရာတွေ ရဲ့ ထူးခြား ပြောင်မြောက်လှတဲ့ အလုပ်တွေကို အသိအမှတ်ပြု၊ ဂုဏ်ပြုပြီး ဒါ့ထက် ပို ပြောဆိုသင့်ကြပါတယ်။ အလုပ်တွေ အများကြီးကို သတင်းစာ ဆရာမတွေ လုပ်ခဲ့ကြတာပါ။ ယောက်ျားတွေက ရှေ့တန်းမှာ တိုက်နေကြတာပါ။”

ယူနက်စ်ကို အဆိုအရ အမျိုးသမီး သတင်းသမားတွေ ဟာ ခုနစ်နှစ်အတွင်းမှာ အများဆုံး အသတ်ခံနေရတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG