သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမူး ကိုဗစ်ကူးစက်မှု လျှင်မြန်


တမူး ကိုဗစ်ကူးစက်မှု လျှင်မြန်

{{Zawgyi/Unicode}}
စစ်ကိုင်းတိုင်း၊ တမူးမြို့က ကျောင်းတကျောင်းမှာကိုဗစ်ကပ်ရောဂါ အစုလိုက် ကူးစက်မှုရှိခဲ့ပြီး ကိုဗစ်အတည်ပြုလူနာ ၁၅၀ လောက်ရှိနေပါတယ်။ အခုလို ရာနဲ့ချီ ကိုဗစ်ကပ်ရောဂါကူးနေတဲ့ ရောဂါပိုးအမျိုးအစားဟာ ကူးစက်မြန် Omicron ကိုဗစ်ပိုး ဟုတ်၊ မဟုတ်ဆိုတာကို သိရဖို့ ရန်ကုန်မြို့က အမျိုးသားဓာတ်ခွဲဌာနဆီ ပို့ဆောင်ထားတယ်လို့ တမူးမြို့က ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ။ ရန်ကုန်မြို့က ပေးပို့တဲ့ ဒီသတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာရှိတဲ့ အ.ထ.က ၂ အခြေခံပညာသင်ကျောင်းက ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း ၅၃ ဦးမှာ ဇန်နဝါရီလ ၂၄ ရက်နေ့ကကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ တမူးမြို့မှာ ကိုဗစ်ကပ်ရောဂါကို အစုလိုက် ကူးစက်မှုလည်း ဖြစ်ပါတယ်။ အခုလို ကျောင်းက ကိုဗစ်ကူးစက်သူတွေ၊ အရင်ထဲက ကိုဗစ်အတည်ပြုလူနာတွေ၊ နောက်ထပ်သံသယရှိလို့ စစ်ဆေးသူတွေ အပါအဝင် စုစုပေါင်း အတည်ပြုလူနာဟာ ဇန်နဝါရီလ ၂၇ ရက်နေ့အထိ ၁၅၀ ဝန်းကျင်ရှိနေပါတယ်။

တမူးမြို့မှာ လူအများကြီး ကိုဗစ်ကူးစက်ထားတဲ့ ပိုးဟာ Omicron ကိုဗစ်ပိုး ဟုတ်၊ မဟုတ်ဆိုတာကို သိနိုင်ဖို့ ရန်ကုန်မြို့က အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနဆီ ပေးပို့ထားတယ်လို့ တမူးမြို့ဆေးရုံအုပ်ကြီး ဒေါက်တာသူရက ပြောပါတယ်။

"ဒီနေ့တော့ အခုတွေ့ရှိတဲ့ ၁၅၀ ထဲကနေ sample ၄၈ ခုကို ရန်ကုန်မြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) အဲဒီကို ကျနော်တို့ အခုစစ်ဆေးဖို့အတွက် ပို့ထားပြီ။ အဲဒါဆိုတော့ မျိုးကွဲက ဘာမျိုးကွဲဆိုတာကိုတော့ ကျနော်တို့ ခုထိတော့ မသိသေးဘူးပေါ့နော်။ ဒါပေမယ့် အခုဖြစ်တဲ့လူတွေကတော့ အများအားဖြင့်တော့ နှာစေး၊ ချောင်းဆိုး၊ ကြွက်သားကိုက်၊ ခေါင်းကိုက်ပေါ့နော် အဲဒါလေးတွေ ဖြစ်တာများတယ်။ ပြင်းထန်တဲ့လူနာတော့ အခုထိတယောက်မှတော့ မရှိသေးဘူးပေါ့နော်။"

တမူးမြို့ဟာ အိန္ဒိယနိုင်ငံ မိုးရေးမြို့နဲ့ နယ်နိမိတ်ချင်းကပ်နေတဲ့မြို့ဖြစ်ပြီးတမူး-မိုးရေ းအပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ထွက်ဂိတ်လည်း ရှိနေပါတယ်။ကပ်ရောဂါကူးစက်မှု အခြေအနေကြောင့် တမူးမြို့အဝင်အထွက် ပိတ်ထားပြီး ကုန်စည်စီးဆင်းနိုင်ဖို့အတွက်ကိုတော့ ကိုဗစ်စည်းမျဉ်းနဲ့အညီ ဆောင်ရွက်ပေးထားတယ်လို့ ပြောပါတယ်။ ကပ်ရောဂါကူးစက်ခံရမှု ထိန်းချုပ်နိုင်ဖို့အတွက်လည်း လုပ်နေတယ်လို့ ဒေါက်တာသူရက ပြောပါတယ်။

"စတွေ့ပြီးတော့ များလာတဲ့အချိန်မှာ တမူးကနေပြီးတော့ ပြည်မကိုမပြန့်အောင်လို့ တမူးကနေ အထွက်တွေကို ပိတ်ထားတယ်။ ပြည်မကနေ ဝင်လာတာတွေကိုလည်း အခုပိတ်ထားတယ်။ ဒါပေမယ့် ကုန်စည်စီးဆင်းမှု အဆင်ပြေအောင်တော့ ကုန်ကားတွေကိုတော့ ဝင်ခွင့်ပေးထားတယ်။ ဒါပေမယ့် သူတို့တွေကို မြို့အဝင်မှာထားပြီးတော့ ပိုးမရှိတဲ့လူကိုမှ မောင်းခိုင်းပြီးတော့ ကုန်စည်စီးဆင်းမှုတော့ လုပ်နေတာပေါ့လေ။ အဓိကတော့ ကျနော်တို့ အစုအပြုံလိုက်တွေ့တာတော့ ကျောင်းကတွေ့တာပေါ့နော်။ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေကနေ စတွေ့တာဆိုတော့ သူတို့တွေနဲ့ ထိစပ်တဲ့ contact တွေကိုတော့ ကျနော်တို့ ဆက်တိုက်စစ်နေတာပေါ့နော်။ စစ်ပြီးတော့မှ positive သမားတွေကိုတော့ သီးသန့် ဆေးရုံနဲ့ အထက ၂ စင်တာမှာ ထားတာပေါ့လေ။ ထားပြီးတော့မှ ကျနော်တို့ထိန်းတယ်။ နောက်ပြီးတော့ သံသယရှိတဲ့လူတွေကို တောက်လျှောက်စစ်တယ်ပေါ့နော်။ အဲဒါမျိုးနဲ့တော့ ရောဂါကိုထိန်းချုပ်လို့ရအောင် လုပ်နေတာပေါ့။"

ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူတွေ ထိုးနှံကြဖို့တိုက်တွန်းနေသလို ကာကွယ်ဆေးထိုးပေးတဲ့ လုပ်ငန်းတွေကိုလည်း တချိန်ထဲမှာ လုပ်နေတယ်လို့ ပြောပါတယ်။ တမူးမြို့မှာ ကိုဗစ်အတည်ပြုလူနာ တနေ့ထက်တနေ့ များလာနေချိန် မြို့မဈေးဆိုင်ထဲက ဆိုင်ခန်းတော်တော်များများ ပိတ်ထားကြပါတယ်။မြို့အနှံ့ ပိုးသတ်ဆေးလိုက်လံဖြန်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ပြင်းထန်ခဲ့တဲ့အချိန်က အောက်စီဂျင်ပြတ်လတ်မှုတွေ နေရာအနံှ့ကြုံခဲ့ကြရတာကြောင့် အခုလည်း လိုအပ်လာရင် အသင့်ဖြစ်နေအောင် အောက်စီဂျင်စက်ရုံတွေ ပြန်လည်ပတ်နေပြီလို့ တမူးမြို့ ဒေသခံတဦးက ပြောပါတယ်။

"အခုလောလောဆယ်တော့ ကူးစက်မှုက များတယ်ဗျ။ အရင်လို အနံ့တွေ၊ အရသာတွေ မပျောက်ဘူး၊ အရင်ကိုဗစ်လို လက္ခဏာမပြဘူးပေါ့ဗျာ။ ဒါပေမယ့် တယောက်နဲ့ တယောက်ကလည်း မတူကြဘူး။ နှာစေး၊ ချောင်းဆိုး ဖြစ်ကြတယ်၊ ဖျားကြတယ်။ သူက ကူးစက်မှုကတော့ တော်တော်လေးမြန်တယ်။ အောက်စီဂျင်စက်ရုံကတော့ ဒီနေ့လည်ထားတာပေါ့။ တကယ်လို့ အောက်စီဂျင် ဘာညာလိုခဲ့ရင်တော့ အရံအသင့်ဖြစ်အောင် အဲဒါလည်ထားတာ။"

ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ Omicron အတည်ပြုလူနာအရေအတွက် ဇန်နဝါရီလ ၂၇ ရက် ည ၈ နာရီအထိ၂၁၁ ယောက်ရှိပြီး အဲဒီထဲမှာ ပြည်တွင်းကူးစက်ခံရသူက ၂ ယောက်ဖြစ်ပါတယ်။

..........................................................

တမူး ကိုဗစ်ကူးစက်မှု လျှင်မြန်
please wait

No media source currently available

0:00 0:04:21 0:00
တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}









XS
SM
MD
LG