သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့တဝန်း ဆန်ဈေးနှုန်း တဟုန်ထိုးမြင့်တက်


အိန္ဒိယနိုင်ငံ၊ စပါးထုတ်လုပ်ငန်းမြင်ကွင်း။​
အိန္ဒိယနိုင်ငံ၊ စပါးထုတ်လုပ်ငန်းမြင်ကွင်း။​

ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ အဓိက ရွေးကောက်ပွဲနှစ်မတိုင်မီ ပြည်တွင်းဆန်စျေးနှုန်းကို ထိန်းချုပ်နိုင်ဖို့ ဘာစမာတီဆန်အမျိုးအစား မဟုတ်တဲ့ ဆန်တင်ပို့မှုတချို့ကို အရင်လကပိတ်ပင်ခဲ့ပြီးနောက်ပိုင်းမှာ ဆန်စျေးကွက်မှာ ဆန်ရရှိနိုင်မှု ငါးပုံတပုံလောက် လျော့ကျသွားလို့ ကမ္ဘာ့နိုင်ငံတွေဟာ ဆန်ဖူလုံအောင်ရနိုင်ဖို့ ရုန်းကန်နေကြရပါတယ်။

ကမ္ဘာတဝန်းကလူတွေအတွက် ဆန် မက်ထရစ်တန် ၉.၅ သန်း လောက် လိုအပ်နေတာပါ။ အခုအခါ ဆန်ဈေးတွေမြင့်တက်လာပြီး အဆင်းရဲဆုံးနိုင်ငံအချို့က ချို့ငဲ့သူတွေအပေါ် သက်ရောက်စေပါတယ်။ နိုင်ငံခြားကိုတင်ပို့တဲ့ ဗီယက်နမ် ဆန်ဈေးနှုန်းဟာ ၁၅ နှစ်အတွင်း အမြင့်ဆုံးရောက်တဲ့အထိ ဆန်စျေးမြင့်တက်နေတာပါ။ အိန္ဒိယရဲ့ ဆန်ပို့ကုန်ကန့်သတ်မှုက အခြားနိုင်ငံတွေအပေါ်လည်း ဒိုမီနို သက်ရောက်မှုဖြစ်စေပြီး အခုအခါ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ကလည်း ပြည်တွင်းလက်ကျန်ဆန်ထိန်းထားနိုင်ဖို့ ပြည်ပ ဆန်တင်ပို့မှုကို ဆိုင်းငံ့ထားပါတယ်။

ယူကရိန်းဂျုံတင်ပို့ခွင့်ပြုတဲ့ သဘောတူညီချက်ကို ရုရှားက ရပ်ဆိုင်းလိုက်တာကြောင့် အပြင်၊ အယ်နီညိုရာသီဥတုကြောင့် ဆန်ထုတ်လုပ်မှု လျော့ကျလာနေလို့ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုဟာ နဂိုကတည်းက ခြိမ်းခြောက်ခံနေရတာပါ။ အိန္ဒိယက ဆန်ကန့်သတ်တာတွေ မလုပ်ခင်ကတည်းက အယ်နီညို ဒဏ်ခံရချိန်မှာ ဆန်ရှားပါးလာမှာကို တွက်ဆပြီး နိုင်ငံတွေက ဆန်တွေ အလုအယက် ဝယ်ယူခဲ့ကြလို့ စျေးကွက်မှာ ဆန်တွေပြတ်ပြီး ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။ တိုင်ဖွန်း မုန်တိုင်းနဲ့ အယ်နီညိုလို ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ကမ္ဘာ့ဆန် ၉၀ ရာခိုင်နှုန်းကို စိုက်ပျိုးစားသုံးနေတဲ့ အာရှနိုင်ငံတွေမှာ ဆန်စိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်စေနေပါတယ်။

တဘက်မှာလည်း ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံလို ဆန်တင်ပို့နေတဲ့နိုင်ငံတွေအနေနဲ့ ဆန်လိုအပ်ချက်များလာလို့ စျေးကွက်ချဲ့ထွက်နိုင်မယ့် အလားအလာရှိပြီး ဖိလစ်ပိုင်က ဗီယက်နမ်ဆန်ရဖို့ ဆွေးနွေးနေသလို ဗီယက်နမ်ဟာ အရင်က အိန္ဒိယကနေ ဆန်အများအပြားကို တင်သွင်းနေတဲ့ ဗြိတိန်စျေးကွက်ကို အရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ထိုင်းအစိုးရကလည်း မနှစ်ကထက် ဆန်ပိုမိုတင်ပို့နိုင်ဖို့ မျှော်လင့်ထားပြီး အခုနှစ် ပထမခြောက်လအတွင်း တင်ပို့မှုမှာ ၂၀၂၂ ခုနှစ် အလားတူကာလထက် ၁၅ ရာခိုင်နှုန်း ပိုမိုများပြားလာနေပါတယ်။

XS
SM
MD
LG