သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ စစ်ရေးပူးပေါင်းမှု အရှိန်မြင့်ဆောင်ရွက်


စစ်ရေးလေ့ကျင့်နေတဲ့ အိန္ဒိယ စစ်တပ် (Photo- Indian army)
စစ်ရေးလေ့ကျင့်နေတဲ့ အိန္ဒိယ စစ်တပ် (Photo- Indian army)

အိန္ဒိယနဲ့ မြန်မာ ကြည်း၊ ရေ၊ လေ နှစ်နိုင်ငံ စစ်တပ်ကိုယ်စားလှယ်တွေ အပြန်အလှယ်ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ပထမဆုံးအကြိမ် အဖြစ် အိန္ဒိယ စစ်တပ်ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ တနင်္ဂနွေနေ့က နေပြည်တော်ကို လေယာဉ်နဲ့ ထွက်ခွာသွားပါပြီ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက် အခုလို နှစ်နိုင်ငံ စစ်ရေးဆက်ဆံရေး အိန္ဒိယဘက်က အရှိန်အဟုန်တိုးမြှင့်လာတဲ့ ထူးခြားချက် အကြောင်းအရင်းက ဘာတွေပါလဲ။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ဆယ်စုနှစ်ပေါင်းများစွာအတွင်း အခုလို ပထမဆုံးအကြိမ် မြန်မာနဲ့ အိန္ဒိယ စစ်တပ်ကိုယ်စားလှယ်အဖွဲ့တွေ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို အိန္ဒိယ စစ်တပ် အကြီးအကဲ Bipin Rawat က စတင် အဆိုပြုခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကီလိုမီတာ ၁၆၄၀ နီးပါး ရှည်လျားတဲ့ နှစ်နိုင်ငံ နယ်စပ် တလျောက် လုံခြုံရေးတာဝန်ယူထားတဲ့ စစ်တပ်နှစ်ဘက်အကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေး ပိုမိုကောင်းမွန်စေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၈၈ခုနှစ် မြန်မာ့ ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကို အိန္ဒိယနိုင်ငံက ထောက်ခံခဲ့ပြီး၊ စစ်တပ်ချင်း ဆက်ဆံရေးလျော့ချခဲ့ပြီးနောက် ၁၉၉၂ခုနှစ် တဝိုက်မှာ မြန်မာစစ်တပ်နဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ထားရှိခဲ့တဲ့ အိန္ဒိယအနေနဲ့ နှစ်ပေါင်း ၃၀ နီးပါးအကြာမှာ အခုလို စစ်ရေးဆက်ဆံရေးအရှိန် ပိုမိုတိုးမြှင့်လာတာပါ။ အိန္ဒိယအနေနဲ့ အိမ်နီးချင်း မြန်မာနဲ့ အခုလို စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်လာတဲ့ ထူးခြားချက်ကို အိန္ဒိယ-မြန်မာဆက်ဆံရေး အကဲခတ် အမေရိကန်အခြေစိုက် မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာတင့်ဆွေက အခုလိုသုံးသပ်ပါတယ်။

" ဒီအိန္ဒိယက မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် စိုးရိမ်မှု မလိုလားမှုပေါ့နော် အဲဒါကတော့ အိန္ဒိကို လက်နက်ကိုင်ပြီး ဆန့်ကျင်နေတဲ့ အရှေ့မြောက်ဒေသက လက်နက်ကိုင်အဖွဲ့အစည်းတွေ မြန်မာပြည်ပေါ်မှာ ရှိနေတဲ့ကိစ္စ ဒါက ခေါင်းခဲစရာတခု နောက်တခါ ထပ်တိုးလာတာကတော့ အရင်ကတော့ ကိုကိုးကျွန်း နေရာမှာ တရုတ်ကရေဒါစခန်းဆိုတဲ့သတင်း၊ အခုနောက်တခါ ရခိုင်ဒေသမှာ ဖွံ့ဖြိုးတိုးတက်ရေးကိုအကြောင်းပြုပြီးတော့ တရုတ်က ခြေကုတ်ပိုပြီးတော့ မြဲအောင်ယူလာတာကို အိန္ဒိယက လုံခြုံရေးအရ စိုးရိမ်သောကတွေ ရှိပါတယ်။ အဲဒီအခြေအနေကနေပြီးတော့ အခု အိန္ဒိယ စစ်တပ်ဆိုင်ရာ delicate အဖွဲ့တခုလာတယ်ဆိုတော့ ဒီဟာတွေအပေါ်မှာ အခြေခံပြီးတော့ တိုးတက်တဲ့ ဆက်ဆံရေးရှိလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်ခင်ဗျ။"

အဖွဲ့ဝင် ၇၈ ဦးပါတဲ့ အိန္ဒိယ စစ်တပ်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ဒီဇင်ဘာလ ၂၃ ရက်နေ့က ထွက်ခွာလာသလို၊ မြန်မာစစ်တပ်ဘက်က အဖွဲ့ဝင် ၁၂၀ ပါတဲ့ ကိုယ်စားလှယ်အဖွဲ့လည်း အိန္ဒိယနိုင်ငံကို မကြာခင်လာရောက်ဖို့ရှိကြောင်း အိန္ဒိယစစ်တပ် အရာရှိတွေက ပြောပါတယ်။ မြန်မာစစ်တပ်ကိုယ်စားလှယ်အဖွဲ့မှာတော့ စစ်အရာရှိတချို့ရဲ့ ဇနီးသည်တွေလည်း အတူလိုက်ပါလာမှာဖြစ်ပြီး အိန္ဒိယလေတပ်က သူတို့ရဲ့ ခရီးစဉ်ကို တာဝန်ယူထားတယ်လို့ ဆိုပါတယ်။ အိန္ဒိယ ဗိုလ်ချုပ် Rawat ကိုယ်တိုင်လည်း နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ဒီထက်မက ပိုပြီး နက်ရှိုင်းတဲ့ စစ်တပ်အချင်းချင်းဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်ဖို့ တွန်းအားပေးနေတာပါ။

ဒါကြောင့် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ခံထားရတဲ့ မြန်မာစစ်တပ်နဲ့ နှစ်ပေါင်းများစွာ ကြာကတည်းက ဆက်ဆံရေး အင်မတန်အားကောင်းလှပြီး သြဇာအရှိန်တစုံတရာရှိနေပြီဖြစ်တဲ့ တရုတ်နိုင်ငံ နဲ့ အိန္ဒိယက ယှဉ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းလည်းရှိနေပါတယ်။ ဒေါက်တာတင့်ဆွေ ရဲ့ အမြင်ကတော့

"ဒီအပေါ်မှာ အိန္ဒိယဘက်က တတ်နိုင်သလောက် ကြိုးစားတဲ့အဆင့်မှာ နောက်ထပ်ခြေလှမ်းကြီးတခု ထပ်တိုးလာတာပေါ့။ သို့သော် တရုတ်နဲ့ အိန္ဒိယပုံစံ မတူတာက အိန္ဒိယက ဖြေးဖြေးလေးလေးနဲ့ ခိုင်ခိုင်မာမာလုပ်တယ်။ တရုတ်ကတော့ ရရင်ရသလို ၊ ရရင်ရသလောက်ဆိုတဲ့ပုံစံ ရှိတယ်။ အိန္ဒိယကလည်း အခုလို ဆက်ဆံရေးတိုးလာအောင် အခုလိုဖြစ်လာအောင်လို့ သူကနောက်ကွယ်ကနေပြီးတော့ ကြိုးစားခဲ့ပြီ မြန်မာပြည်ကစစ်တပ်ရောပေါ့နော် ၊ ၂ ခုအပြန်အလှန်ကြိုးစားခဲ့ပြီးမှ အခုမှ delication ဖြစ်လာတယ် ။ အဲဒီကနေပြီးတော့ သဘောတူညီချက်တွေ ရှိရင် အကောာင်အထည်ဖော်မှုတွေကလည်း လာမယ် ။ လာတဲ့အခါမှာ အိန္ဒိယရဲ့ သဘောသဘာဝအရကတော့ သူက အချိန်ယူပြီးတော့ ဖြေးဖြေးလေးလေးနဲ့ မှန်မှန် ခိုင်ခိုင်မာမာလုပ်မယ့်သဘောရှိပါတယ်။ အဲဒီတော့ ရေရှည်ဆိုရင်တော့ အိန္ဒိယနဲ့ ပိုပြီးဆက်ဆံနိုင်လေလေ တိုင်းပြည်အကျိုးစီးပွားအတွက် မှန်ကန်တဲ့ ဘက်ကိုဖြစ်စေမယ်လို့ ကျနော်ယူဆပါတယ်။"

အိန္ဒိယနဲ့ မြန်မာ စစ်တပ်ကိုယ်စားလှယ်တွေ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ရဲ့ အဓိကရည်ရွယ်ချက်မှာလည်း နှစ်ဘက် လက်တွေ့ မြေပြင်အခြေအနေ စစ်ရေးပူးပေါင်းဆောင်ရွက်ရေး သေချာစေဖို့အတွက်ဖြစ်တယ်လို့ အိန္ဒိယစစ်ဖက် အရာရှိတွေက ပြောပါတယ်။ အိန္ဒိယ အရှေ့မြောက်ဖက်မှာရှိနေတဲ့ ပြည်နယ်ခွဲထွက်ရေး လက်နက်ကိုင်သူပုန်အဖွဲ့တွေဟာ မြန်မာနယ်စပ်ကို အခြေပြုပြီး အိန္ဒိယစစ်တပ်ကို တိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ် ဇွန်လတုန်းက မဏိပူရ ပြည်နယ်မှာရှိတဲ့ အိန္ဒိယ စစ်တပ် လုံခြုံရေးစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ပြီး စစ်သား ၁၈ ဦးသတ်ခဲ့ပြီးနောက် မြန်မာနယ်စပ်ဘက်ကို ထွက်ပြေးခဲ့တဲ့ NSCN (K) သူပုန်အဖွဲ့ကို အိန္ဒိယစစ်တပ်ကိုယ်တိုင် မြန်မာဘက်အခြမ်းကို ဝင်ရောက်ပြီး လိုက်လံနှိမ်နင်းခဲ့တာပါ။ မြန်မာဘက်ကတော့ အိန္ဒိယအစိုးရကို တော်လှန်ပုန်ကန်နေတဲ့ ခွဲထွက်ရေးသူပုန်တွေကို သူတို့ နယ်မြေပိုင်နက်အတွင်း အခြေချခွင့်ပြုမှာ မဟုတ်ဘူးလို့ ကတိပေးပြောဆိုခဲ့ပါတယ်။

ဒီဇင်ဘာလ ပထမအပတ်က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့တဲ့ အိန္ဒိယသမ္မတ Ram Nath Kovind ရဲ့ ငါးရက်ကြာ ခရီးစဉ်အတွင်းမှာလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အရှိန်အဟုန်တိုးမြှင်ဖို့ သဘောတူညီမှု စာချုပ် အတော်တော်များများကို လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG