သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ မြန်မာနိုင်ငံသားတွေ မဏိပူရပြည်နယ်အစိုးရ ပြန်ပို့မယ့်အစီအစဉ် ဆိုင်းငံ့


အိန္ဒိယ-မြန်မာ မဏိပူရပြည်နယ် မိုရေးမြို့နယ်စပ်
အိန္ဒိယ-မြန်မာ မဏိပူရပြည်နယ် မိုရေးမြို့နယ်စပ်

မြန်မာနိုင်ငံက စစ်ဘေးရှောင်ရင်း အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ ဖမ်းဆီးခံထားရသူတွေကို နေရပ်ပြန်ပို့မယ့် အစီအစဉ်ဟာ ကန့်ကွက်မှုတွေကြား ရပ်ဆိုင်းထားလိုက်ရတယ်လို့ နယ်စပ်ဒေသအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ မိသားစုတွေက ပြောပါတယ်။ ဖမ်းဆီးခံ မြန်မာနိုင်ငံသားတွေကို မူလက ဒီကနေ့ ပြန်ပို့ဖို့ စီစဉ်ထားပေမဲ့ အထမမြောက်ခဲ့ဘူးလို့လည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မခင်လေး ပြောပြပေးမှာ ဖြစ်ပါတယ်။

မဏိပူရပြည်နယ်၊ အင်ဖာမြို့က နိုင်ငံခြားသား ထိန်းသိမ်းရေးစင်တာထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်ထဲက ၇၇ ယောက်ကို ဒီနေ့မတ်လ ၁၁ရက်မှာ နေရပ်ကို အပြီး လွှဲပြောင်းပေးဖို့ ပြည်နယ်အစိုးရက ပြင်ဆင်ထားခဲ့ပေမဲ့ ဝေဖန်ကန့်ကွက်မှုတွေကြောင့် ဒီအစဉ်အစဉ်ကို ရပ်နားလိုက်ပုံရကြောင်း အိန္ဒိယအခြေစိုက် မြန်မာအရပ်ဘက်အဖွဲ့တချို့နဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ပြန်ပို့ဖို့ အစီအစဉ် အထမမြောက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယအာဏာပိုင်တွေက တစုံတရာ ပြောဆိုတာတော့ မတွေ့ရသေးပါဘူး။ အစီအစဉ် ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး အသေးစိတ်ကို စုံစမ်းနေကြောင်း India for Myanmar အဖွဲ့က ဆလိုင်းဒိုခါရ်က အခုလိုပြောပါတယ်။

" ဒီလိုပြန်ပို့တဲ့ကိစ္စအပေါ်မှာ စိုးရိမ်မှုရှိကြောင်းဆိုတဲ့ အသံတွေ ထွက်ပေါ်လာတဲ့ဟာတွေ ရှိတယ်၊ ဥပမာ US နိုင်ငံ ဟာမျိုးကလည်း စိုးရိမ်ကြောင်းအသံ ထွက်လာတဲ့ ဟာမျိုးရှိတယ်ဆိုတော့ ဒီကိစ္စတွေအပေါ်မှာ သူတို့က ပြန်သုံးသပ်တဲ့ သဘောလား၊ သို့မဟုတ် တခြားအကြောင်းအရာ ရှိတာလားဆိုတာ ကျနော်တို့ မပြောတတ်ဘူး။ အခုလောလောဆယ် ကျနော်တို့ ကြားနေရတဲ့ ကောလာဟလ အကြောင်းအရာ တခုကတော့ စကစဘက်က အထက်လူကြီးအမိန့် မရသေးလို့ လာမခေါ်သေးတာ ဆိုတဲ့ပုံစံမျိုး ရှိနေတယ်ခင်ဗျ။ ဒါပေမဲ့ ကျနော်တို့ ဘာမှအသေးစိတ် မသိနိုင်သေးတဲ့ အနေအထားပါဗျ။"

မဏိပူရပြည်နယ်အာဏာပိုင်တွေဟာ မြန်မာနိုင်ငံထဲပြန်ပို့မဲ့ ၇၀ကျော်ထဲက ကလေးငယ်နဲ့ အမျိုးသမီး ၃၈ ယောက်ကို မြန်မာနဲ့နယ်စပ် မိုရေးမြို့က စစ်စခန်းတခုဆီကို မတ်လ၈ရက်ကတည်းက ပို့ဆောင်ထားကြောင်း မိသားစုဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။ အမျိုးသားတွေကိုတော့ ဒီနေ့ တနင်္လာနေ့မနက်မှာ အကျဉ်းစခန်းကနေ အင်ဖာမြို့လေဆိပ်အထိ ခေါ်ထုတ်ပြီးမှ စခန်းကို ပြန်ခေါ်သွားကြောင်း စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ နေထိုင်တဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

" (ဒီမနက်) အကို့ရဲ့ဇနီးနဲ့ ဖုန်းပြောရတယ် သူတို့ယောကျ်ားတွေကို လေယာဉ်ကွင်းရောက်မှ အချုပ်ထဲ ပြန်ထည့်လိုက်တာဆိုတော့ သူတို့နားမလည်နိုင်ဘူးပေါ့၊ သူတို့လည်း ဒီဘက် ကူးလို့မရဘူပေါ့ မြန်မာပြည်ဘက်ကိုလည်း။ ကျမ ထောင်မကြီးကို လှမ်းဆက်သွယ်တဲ့အခါမှာ မြန်မာပြည်ဘက်က လက်မခံလို့ လို့လည်း ပြောတယ်ရှင့်။ နင်တို့မြန်မာပြည်ဘက်က လက်မခံလို့ ခဏရပ်ဆိုင်းထားတယ်တဲ့ အစည်းအဝေး လုပ်နေတယ်လို့ ဖြေသာတဲ့စကားပြောလာတယ် ဒီနေ့ သူတို့ထောင်မှူးလာတော့လေ။ အခု မိုရေး(မြို့)ကို ရောက်နေတဲ့ ၃၈ယောက်ကိုလည်း မြန်မာပြည်က လက်မခံတဲ့အခါမှာ အရင်မူလထောင်ကိုပဲ ပြန်ထားမယ်ဆိုလို့ သူတို့စိုးရိမ်နေတယ်၊ အဲဒီထောင်မှာ သူတို့မနေချင်တော့ဘူး အဲဒါသူတို့အတွက် ငရဲခန်းပေါ့နော်။"

စစ်ပွဲတွေနဲ့ အရပ်သားဖိနှိပ်မှုတွေကြောင့် အကျဉ်းသားတွေကို နေရပ်ပြန်ပို့မဲ့အစီအစဉ်ကို အရပ်ဘက်အဖွဲ့တွေက စိုးရိမ်ကြောင်း ပြောပါတယ်။ မိသားစုဝင်တွေကတော့ သူတို့ဟာ အိန္ဒိယ၊ မဏိပူရပြည်နယ်ထဲမှာ ယက်ကန်းသွားရက်သူတွေဖြစ်လို့ နိုင်ငံရေးကင်းရှင်းကြောင်း ပြောပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို ပြန်ခွင့်မရခဲ့ရင် မိုရေးမြို့မှာဖြစ်ဖြစ် မီဇိုရမ်ပြည်နယ်မှာဖြစ်ဖြစ် နေခွင့်ရနိုင်ဖို့ မျှော်လင့်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

အင်ဖာမြို့က ထိန်းသိမ်းရေးစင်တာမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ အစောပိုင်းတုန်းက စစ်ကိုင်းတိုင်း၊ တမူးခရိုင်ကနေထွက်ခွာပြီး မဏိပူရပြည်နယ်ထဲမှာ နေထိုင်နေချိန် ဖမ်းဆီးခံခဲံရတာပါ။ အဲဒီအချီန် စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ စစ်ရေးတင်းမာနေချိန်လည်း ဖြစ်ပါတယ်။ သူတို့ထဲက အများစုဟာ နိုင်ငံခြားသားအက်ဥပဒေနဲ့ ထိန်းသိမ်းခံရတာဖြစ်ပြီး လွတ်ရက်စေ့နေပေမဲ့ ထိန်းသိမ်းရေးစခန်းမှာပဲ ဆက်ပြီး ဖမ်းဆီးခံထားရကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေက ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG