သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဏိပူပြည်နယ်တွင်း မြန်မာဒုက္ခသည်တွေ ပြင်ပအလုပ်လုပ်ခွင့်တားမြစ်


မြန်မာနဲ့နယ်စပ် အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် မိုးရေးမြို့ (photo: C J B)
မြန်မာနဲ့နယ်စပ် အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် မိုးရေးမြို့ (photo: C J B)

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲက Kamjong ခရိုင်ထဲမှာ မြန်မာပြည်က ထွက်ပြေးလာတဲ့ စစ်ဘေးသင့်ဒုက္ခသည်တွေကို စီးပွားလုပ်ငန်းလုပ်ကိုင်တာ ဒါမှမဟုတ် အလုပ်သမားအဖြစ် အလုပ်လုပ်တာတွေကို တားမြစ် ကြောင်း ဒေသတရားသူကြီးက သတိပေးချက် ထုတ်ပြန်လိုက်တယ်လို့ အိန္ဒိယသတင်းတွေမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြပါတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတွေနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မဏိပူရပြည်နယ်ထဲက အဲဒီ ခရိုင်မှာ ခိုလှုံနေကြသူအားလုံးဟာ သတ်မှတ်ထားတဲ့ ဒုက္ခသည်စခန်းတွေထဲမှာပဲနေရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စီးပွားနဲ့ အလုပ်လုပ်ခွင့် တားမြစ်ထားတာကို ဖောက်ဖျက်ကျူးလွန်ကြောင်းတွေ့ရှိရင် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အရေးယူခံရမယ်လို့လည်း ဖော်ပြထားပါတယ်။ မဏိပူရ ပြည်နယ် ဝန်ကြီးချုပ် ဗီရမ် ဆင်း (Biren Singh) က ပြီးခဲ့တဲ့တနင်္လာနေ့က လွှတ်တော်ကို တင်ပြချက်ထဲမှာ ၂၀၂၃ ခုနှစ် မေလ ၃ ရက်နေ့ကနေ အခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် နေ့အထိ ပြည်နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုလှုံလာသူ မြန်မာနိုင်ငံသား ၆,၇၄၆ ဦး ရှိတယ်လို့ ဆိုပါတယ်။ အဲဒီထဲက မြန်မာနိုင်ငံသား ၂၅၉ ဦးကို ကိုယ်ရေးအချက်အလက်တွေကောက်ယူပြီး မြန်မာပြည်ဘက်ကို ပြန်ပို့ခဲ့တယ်လို့ မဏိပူဝန်ကြီးချုပ်က ပြောပါတယ်။ ကျန်သူတွေကို ဒေသခံတွေနဲ့ မရောနှောစေဘဲ ယာယီတဲတွေနဲ့သီးသန့်ထားရှိတယ်လို့ ဆိုပါတယ်။

မဏိပူရပြည်နယ်ထဲမှာ မနှစ် မေလတုန်းက လူမျိုးရေးပဋိပက္ခတွေဖြစ်ခဲ့ပြီး လူ ၁၅၀ ထက်မနည်းသေဆုံးခဲ့ရာမှာ ဝန်ကြီးချုပ် ဗီရမ် ဆင်း က မြန်မာနိုင်ငံဘက်ကလာတဲ့ “ကြေးစားတပ်ဖွဲ့ဝင်တွေ” က မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်ခဲ့တယ်-ဆိုပြီး စွပ်စွဲခဲ့ဖူးပါတယ်။ ဒါ့အပြင် အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီး အာမစ် အနီးလ် ချန်ဒရာ ရှား (Amit Anil Chandra Shah) ကလည်း မဏိပူပြည်နယ်တွင်းကတင်းမာမှုတွေဟာ မြန်မာနိုင်ငံက ကူကီးမျိုးနွယ်စုဝင် ရွှေ့ပြောင်းဝင်ရောက်လာသူတွေနဲ့လည်း သက်ဆိုင်ကြောင်း လွှတ်တော်မှာစွပ်စွဲပြောဆိုခဲ့ဖူးပြီး ဒါကို အိန္ဒိယနဲ့ မြန်မာနှစ်ဘက်စလုံးက ကူကီးလူမျိုးအဖွဲ့အစည်းတွေက မဟုတ်မှန်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ကြပါတယ်။

အိန္ဒိယဟာ မြန်မာနဲ့မဏိပူရ၊ မီဇိုရမ်၊ အာသံ၊ နာဂလန်းနဲ့ အရူနာချယ်ပရာဒက်ရှ် ပြည်နယ်တွေမှာ နယ်နိမိတ်ချင်းထိစပ်နေပြီး နယ်စပ်အများစုက အကာအရံ မရှိပါဘူး။ ဒါပေမယ့် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ပဋိပက္ခတွေကြောင့် စစ်ပြေးဒုက္ခသည်တွေသောင်းနဲ့ချီ အိန္ဒိယဘက်ခိုလှုံလာကြအပြီးမှာ အိန္ဒိယဘက်က နယ်စပ်လုံခြုံရေးတိုးလုပ်လာသလို ဒုက္ခသည်တွေအပေါ် ကန့်သတ်တာတွေ ရှိလာနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG