သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယက ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးဖို့ကြိုးစား


အိန္ဒိယနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်များ
အိန္ဒိယနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်များ

မြန်မာနိုင်ငံကို ပြန်ပို့ခံရမယ့် အရေး စိုးရိမ်ချက်ကြောင့် အိန္ဒိယမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ မူဆလင်တွေ ဘင်္ဂလားဒေရှ့်ဘက်ကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြပါတယ်။ ရိုဟင်ဂျာ သိန်းနဲ့ချီ ခိုလှုံနေတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကို ရောက်ဖို့ လူမှောင်ခိုကူးသူတွေကို ငွေပေးပြီး လာကြရတယ်လို့လည်း အိန္ဒိယဘက်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေက ပြောပါတယ်။ အိန္ဒိယ နိုင်ငံဘက်ကနေ ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တချို့နဲ့ တွေ့ဆုံတင်ပြထားတဲ့ AFP သတင်းဆောင်းပါးကို အခြေခံပြီး မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။

အိန္ဒိယနိုင်ငံမှာ နှစ်နဲ့ချီ နေထိုင်လာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ဌာနေပြန်ပို့ခံရမယ့် အရေး စိုးရိမ်ချက်ကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာနေကြပါတယ်။ ဒီသတင်းပတ်တွေ အတွင်း ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို ရောက်ရှိလာကြတဲ့ ဒုက္ခသည် ၁၃၀၀ ရှိနေပါတယ်။ အိန္ဒိယကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် Zakir Hossain က အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံကို ဘယ်လို ပြန်လို့ ရမလဲ။ အကြမ်းဖက်မှုတွေက ဖြစ်နေဆဲပါ။ ငြိမ်းချမ်းသွားမှ ကျနော်တို့ ပြန်လို့ ရမှာပါ။"

အိန္ဒိယ အစိုးရက ၂၀၁၈ ခုနှစ် အတွင်း ရိုဟင်ဂျာ ဒုက္ခသည် ၂၀၀ ကျော် ဖမ်းဆီးခဲ့ပြီး ဒီအရေအတွက်ဟာဆိုရင် နှစ်ပေါင်းများစွာ အတွင်း အများဆုံး အရေအတွက် ဖြစ်ပါတယ်။ လက်ရှိ အိန္ဒိယမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ မူဆလင် ၄ သောင်းလောက် ရှိနေတာပါ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံးက အိန္ဒိယမှာ နေနေကြတဲ့ ရိုဟင်ဂျာတွေကို အသိအမှတ်ပြု ကဒ် ထုတ်ပေးထားပေမယ့်လည်း တခြား အကူအညီတွေ မရဘူးလို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။ အိန္ဒိယကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာခဲ့သူ Kamal Hossain က အခုလို ပြောပါတယ်။

"အိန္ဒိယ နိုင်ငံထဲမှာ ကျနော်တို့ကို အစိုးရကရော ကုလသမဂ္ဂကရော ကူညီတာ မရှိပါဘူး။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံးက လုပ်ပေးတာ တခုကတော့ ကျနော်တို့ကို ID ကဒ်တွေ ပေးထားတာပါ။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ဘုရား ဝတ်ပြုနိုင်တယ်၊ သွားလို့ လာလို့ ရတယ်။ ကျနော်တို့ နေရာတာ အဆင်ပြေပါတယ်။ ရဲတွေက အနှောင့်အယှက်ပေးတာ မရှိပါဘူး။ အခုတော့ ကျနော်တို့ မြန်မာပြည်ကို ပြန်ပို့ဖို့ ပြောထားတဲ့ အစိုးရဘက်က ဖိအားပေးတာတွေ ရှိပါတယ်။"

အိန္ဒိယ နိုင်ငံတွင်းမှာ ရိုဟင်ဂျာတွေ ရောက်ရှိ နေထိုင်နေကြတာ နှစ်နဲ့ချီ ရှိခဲ့ပါပြီ။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက တကြိမ်၊ ဒီနှစ် ဇန်နဝါရီလမှာ တကြိမ် အိန္ဒိယ အစိုးရက ရိုဟင်ဂျာ ဒုက္ခသည် ၁၂ ဦးကို မြန်မာဘက် ပြန်ပို့ခဲ့သလို ရိုဟင်ဂျာ ဒုက္ခသည်တွေကို စာရင်းကောက်ယူတာတွေလည်း လုပ်ခဲ့တာပါ။ ဒီနောက်မှာတော့ ဌာနေပြန်ပို့ခံရမယ့် အရေး စိုးရိမ်ကြတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့်ကို မှောင်ခိုကူးသူတွေ အကူအညီနဲ့ ထွက်ပြေးလာကြတာလို့ ဒုက္ခသည် တဦး ြဖ်စတဲ့ Rahmat Ullah က ပြောပါတယ်။

"အိန္ဒိယဘက်ကနေ နယ်စပ်ကို ခိုးဖြတ်ပြီး ဘင်္ဂလားဒေရှ့်ဘက်ကို ဝင်လာတာပါ။ ဒီကိုလာဖို့ အတွက် မှောင်ခိုလမ်းကြောင်းက လုပ်ပေးသူတွေကို ပိုက်ဆံ ပုံပေးရပါတယ်။ ကျနော်တို့ အတွက် သိပ်ကို ခက်ခဲ ကြမ်းတမ်းလှပါတယ်။ ဘင်္ဂလားဒေရှ့်ကို ရောက်ဖို့ အတွက် ၈ ရက်၊ ၉ ရက်လောက် ကြာပါတယ်။"

အိန္ဒိယဘက်ကနေ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့်ဘက်ကို ဆက်ပြီး ထွက်ခွာလာနေကြဆဲ ဖြစ်ပါတယ်။ အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့် နယ်စပ်မှာ ကလေးငယ် ၁၇ ဦး အပါအဝင် ရိုဟင်ဂျာ မူဆလင် ၃၁ ဦးတို့ သောင်တင်နေပြီး ဘယ်ဘက်ကမှ လက်မခံသေးဘူးလို့လည်း ဘင်္ဂလားဒေရှ့် အစိုးရ တာဝန်ရှိသူတွေက မနေ့ တနလာၤနေ့က ပြောဆိုတဲ့ အကြောင်း AFP သတင်းက ဖော်ပြပါတယ်။ အိန္ဒိယဘက်က နယ်စပ်မှာ ရွက်ဖျင်တဲ နှစ်လုံး ပေးထားပြီး အဲဒီ ဒုက္ခသည်တွေ လက်ရှိ နေထိုင်နေကြပါတယ်။ အိန္ဒိယ နိုင်ငံ ဂျမူးနဲ့ ကက်ရှမီးယား ပြည်နယ်ကနေ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ပထမ တသုတ် ရောက်ရှိလာခဲ့တာလို့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့် တပ်မှူး ဒုတိယ ဗိုလ်မှူးကြီး Golam Kabir က AFP ကို ပြောပါတယ်။ အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံက အကြီးတန်း တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေး အစည်းအဝေး ထိုင်ကြပါတယ်။ အိန္ဒိယရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကဒ်နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အထောက်အထား ထုတ်ပေးထားတဲ့ ဒုက္ခသည်တွေကို အိန္ဒိယဘက်က လက်ခံဖို့ ဘင်္ဂလားဒေရှ့်ဘက်က ပြောဆိုနေတာပါ။

ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံတဲ့ မြန်မာ အစိုးရဘက်က အိန္ဒိယဘက်က ပြန်ပို့သူတွေကို ဘယ်လို ပုံစံ လက်ခံခဲ့သလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

ဒါပေမယ့် မြန်မာဘက်က ထွက်ပြေးရသူတွေ အားလုံးကို စိစစ်ပြီး လက်ခံမယ်လို့ ပြောဆိုထားပေမယ့် ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကတော့ ဌာနေပြန်နိုင်ရေး အတွက် ရိုဟင်ဂျာ အဖြစ် အသိအမှတ်ပြုဖို့ နိုင်ငံသား ဖြစ်ရေး အာမခံချက် ပေးဖို့ တောင်းဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG