သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဗဟိုတရားရုံးချုပ် လိင်တူလက်ထပ်ခွင့် ကြားနာ


အိန္ဒိယနိုင်ငံမှာ လိင်တူ LGBTQ စုံမက်သူတွေနဲ့ သူတို့ကို ထောက်ခံအားပေးသူတွေက တန်းတူလက်ထပ်ခွင့်အတွက် ချီတက်ဆန္ဒပြကြစဥ်။ (ဇန်နဝါရီ ၈၊ ၂၀၂၃)
အိန္ဒိယနိုင်ငံမှာ လိင်တူ LGBTQ စုံမက်သူတွေနဲ့ သူတို့ကို ထောက်ခံအားပေးသူတွေက တန်းတူလက်ထပ်ခွင့်အတွက် ချီတက်ဆန္ဒပြကြစဥ်။ (ဇန်နဝါရီ ၈၊ ၂၀၂၃)

အိန္ဒိယမှာ လိင်တူလက်ထပ်တာကို တရားဝင်ခွင့်ပြု၊ မပြုအတွက် ဗဟို တရားရုံးချုပ်မှာ ကြားနာနေပါတယ်။ ကမ္ဘာပေါ်မှာ လက်ရှိအချိန်အထိ လိင်တူလက်ထပ်ခွင့်ပေးတာက ၃၄ နိုင်ငံပဲရှိသေးချိန်မှာ လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံကြီးမှာ လိင်တူလက်ထပ်ခွင့်ကိစ္စ သမိုင်းဝင်ကြားနာဆုံးဖြတ်ဖို့ ရှိနေတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ လိင်စိတ်ခံယူမှုအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံတာကို တားမြစ်ထားသလို နိုင်ငံသားတိုင်းဟာ မိမိနှစ်သက်သူကို လက်ထပ်ခွင့်ပေးထားတယ်ဆိုတဲ့အချက်ကို လိင်တူချင်းတိမ်းညွတ်သူ၊ လိင်စိတ်ကွဲပြားသူ LGBTQ စုံတွဲတွေကထောက်ပြပြီး လိင်တူလက်ထပ်ခွင့်အတွက်တောင်းဆိုခဲ့ရာကနေ အခုလို အမြင့်ဆုံးအဆင့် တရားရုံးချုပ်မှာ ဆုံးဖြတ်ဖို့ ဖြစ်လာတာပါ။

တရားသူကြီးချုပ်အပါအဝင် တရားသူကြီး (၅) ဦးရှေ့မှောက်မှာ ဧပြီလ ၁၈ ရက်က စတင်ကြားနာခဲ့တဲ့ဒီအမှုကို လူအများကြားမှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စိတ်ဝင်တစားစောင့်ကြည့်နေကြပြီး တရားခွင်ထဲမှာလည်း လူအပြည့်တက်ရောက်နားထောင်ကြသလို YouTube ကတဆင့်လည်း တိုက်ရိုက်ထုတ်လွှင့်ပေးပါတယ်။ တရားရုံးက နောက်ဆုံးအဆုံးအဖြတ်ကို ဘယ်အချိန်မှာကြေညာမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အိန္ဒိယရဲ့လက်ရှိအာဏာရ ဟိန္ဒူအမျိုးသားရေးဝါဒီအစိုးရနဲ့ အိန္ဒိယနိုင်ငံက အဓိက ဘာသာအယူဝါဒတွေဖြစ်ကြတဲ့ ဟိန္ဒူ၊ မွတ်ဆလင်၊ ဂျိန်း၊ ဆစ်ခ်နဲ့ ခရစ်ယာန်ခေါင်းဆောင်တွေကတော့ လိင်တူလက်ထပ်တာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြပါတယ်။

လိင်တူလက်ထပ်ခွင့်က မြို့ပြနေ ရေပေါ်ဆီလူတန်းစားတစုရဲ့ အယူအဆပဲဖြစ်ပြီး တိုင်းပြည်ရဲ့လူမှုရေးကျင့်ဝတ်တွေနဲ့ဝေးကွာသလို လူမှုရေးနဲ့ ဘာသာရေးတန်ဖိုးတွေကိုထိခိုက်စေမယ်လို့ အစိုးရဘက်က တရားရုံးကို တင်ပြထားပါတယ်။

လိင်တူချင်းလက်ထပ်တာက အိန္ဒိယလူ့အဖွဲ့အစည်းကို ထိခိုက်စေမယ်ဆိုတဲ့ အစိုးရရဲ့ပြောဆိုချက်ကို လိင်တူချစ်သူများအရေး တက်ကြွလှုပ်ရှားသူတွေကတော့ ပယ်ချကြပါတယ်။ လိင်တူချင်း တရားဝင် လက်ထပ်ခွင့်ရလာရင် လက်တွေ့ဘဝမှာ လင်မယားအနေနဲ့ ကလေး မွေးစားတာ၊ ပူးတွဲအခွန်တင်သွင်းတာ၊ ဘဏ်စာရင်းပူးတွဲဖွင့်လှစ်တာနဲ့ အမွေဆက်ခံခွင့်လို တရားဝင်အခွင့်အရေးတွေရရှိဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။

အိန္ဒိယမှာ လိင်တူချစ်သူဦးရေမှာ ၂.၅ သန်းလောက် ရှိမယ်လို့ အစိုးရက ခန့်မှန်းထားပြီး လိင်တူချစ်သူအရေးလှုပ်ရှားသူတွေကတော့ တကယ်တမ်း သန်း ၁၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG