သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ရိုက်ကုန်သွယ်ရေးအတွက် အိန္ဒိယက မြန်မာကို ရူးပီးငွေ တကုဋေကျော် လွှဲပြောင်း


အိန္ဒိယနိုင်ငံရှိ Punjab National Bank ဘဏ်ခွဲတခု (မတ် ၂၈၊ ၂၀၂၂)
အိန္ဒိယနိုင်ငံရှိ Punjab National Bank ဘဏ်ခွဲတခု (မတ် ၂၈၊ ၂၀၂၂)

မြန်မာနဲ့အိန္ဒိယ ၂ နှစ်နိုင်ငံကြား ငွေကြေးနဲ့ တိုက်ရိုက်ကုန်သွယ်မှုတွေ စတင်လိုက်ပြီး၊ ငွေပေးချေမှုအတွက် ရူးပီးငွေ တကုဋေကျော်ကို မြန်မာဘက် ဒီကနေ့ပဲ လွှဲပြောင်းပေးလိုက်ကြောင်း အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင်ကစ ကျပ်ငွေတန်ဘိုးကျဆင်းလာပြီး ကုန်သွယ်မှုနဲ့ စီးပွားရေးမှာ ရိုက်ခတ်မှုတွေ ကြုံနေရချိန်မှာ အခုလို စတင်လိုက်တာပါ။ မြန်မာနိုင်ငံ ကုန်သွယ်မှုတွေမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်း ရန်ကုန်က သတင်းပေးပို့ ထားတာကို ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။

အိန္ဒိယရူးပီးငွေနဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်လဲလှယ်ပြီး ကုန်သွယ်တာမှာ ပထမဆုံးအကြိမ် ငွေပေးချေမှုကို ရန်ကုန်မှာရှိတဲ့ အိန္ဒိယ ပန်ဂျပ်အမျိုးသားဘဏ် (Punjab National Bank) က ဒီနေ့ပေးချေခဲ့တယ်လို့ အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မြန်မာဘက်ကနေ ပဲမျိုးစုံဝယ်ယူမှုအတွက် ရြူးပီးငွေ တကုဋေကျော်ကို အိန္ဒိယဘက်က ပေးချေခဲ့တာပါ။

တခြားကုန်စည်တွေ ရောင်းဝယ်တာလည်း ရှိပြီး လောလောဆယ်တော့ ပဲအမျိုးမျိုးအတွက် အိန္ဒိယဘက်က စတင်ပေးချေခဲ့တာဖြစ်ကြောင်း နယူးဒေလီမြို့၊ မြန်မာသံရုံးက စီးပွားရေးသံမှူး ဦးမျိုးမြင့်မောင်က ဗွီအိုအေကို ပြောပါတယ်။

" စတာကတော့ ဖေဖော်ဝါရီလောက်ကတည်းက အဲကတည်းက နှစ်ဘက်လုံးက ငွေပေးချေမှုကို တွန်းတွန်းတိုက်တိုက် ပြောနေတာ၊ နှစ်နိုင်ငံ ဖေဖော်ဝါရီလောက်ကတည်းက affiliate (ချိတ်ဆက်) ဖြစ်နေတာပေါ့။ ငွေပေးချေမှုက ဒီ"ပဲ"တခုတည်းနဲ့ မကဘူး၊ အခြား ကုန်သွယ်မှု အားလုံးအတွက်ကို agree ဖြစ်ထားလို့ ကျန်တဲ့ ကုန်သွယ်မှုဆောင်ရွက်တဲ့ အချိန်မှာလည်း ကျနော်တို့ ကျပ်နဲ့တိုက်ရိုက်၊ ရူးပီးနဲ့တိုက်ရိုက် လုပ်ဆောင်နိုင်တာ ဖြစ်တဲ့အတွက် လုပ်နေပြီလို့ ယူဆပါတယ်ခင်ဗျ။"

စီးပွားရေးကျဆင်းမှုနဲ့အတူ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာ ရှားပါးလာချိန်မှာ အပြန်အလှန် ကုန်သွယ်ရေးအတွက် ငွေကြေးချင်း တိုက်ရိုက်ကုန်သွယ်ဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းလာတာပါ။ ပထမဆုံး တရုတ်ယွမ်ငွေနဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်လဲလှယ်ဖို့ လုပ်ခဲ့ပြီး အဲဒီနောက် ထိုင်းဘတ်ငွေနဲ့ အိန္ဒိယရူးပီးငွေနဲ့ ကုန်သွယ်ဖို့လုပ်ခဲ့တာပါ။ အခုဆိုရင် ရွှေနဲ့ ငွေကြေး ရောင်းဝယ်သူတွေကို စစ်ဆေး၊ ဖမ်းဆီးတာတွေရှိတဲ့အတွက် အမေရိကန်ဒေါ်လာကတော့ ပြင်ပမှာ တဒေါ်လာကို မြန်မာကျပ်ငွေ ၄,၆၀၀ လောက်မှာ ရှိနေပါတယ်။ ဒါကြောင့် တရုတ်ယွမ်ငွေ၊ ထိုင်းဘတ်ငွေနဲ့ စင်္ကာပူဒေါ်လာရဲ့ ဝယ်လိုအားက ပြန်များလာပါတယ်။ ထိုင်းဘတ်ငွေက စျေးမငြိမ်တဲ့အချိန်မှာ လုပ်ရကိုင်ရခက်ခဲကြောင်း ထိုင်းနယ်စပ်က မြန်မာကုန်သည်တဦးက ပြောပါတယ်။

" သူတို့ကိုပဲစောင့်ကြည့်နေရ၊ အခုတော့ ၈၂၀မှာရပ်နေတယ်။ ဒါပေမဲ့ ဒီညနေကတော့ ဘတ်က (မြန်မာငွေတသိန်းကို) ၈၈၀၊ ၉၀၀ ကျော်ဖြစ်သွားတယ်။ ခုနက နာရီဝက်လောက်တော့ ၁၀၀၀ အထိဖြစ်သွားတယ်။ အချိန်ပိုင်း မိနစ်ပိုင်း ဘာကြောင့်လည်းတော့မသိဘူး၊ လိုအပ်ရင်တော့ အတက်အဆင်းတော့ ရှိပါတယ်။ အခက်အခဲကတော့ ဒီလိုပဲပေါ့ မြန်မာပြည်သားတွေ စားချင်တာတွေ၊ သူတို့ဝယ်ထားတဲ့ ပစ္စည်းတွေကို ထိုင်းကိုအရောက်ပို့ပေးတဲ့ ဝန်ဆောင်မှုဆိုတော့လည်း အခက်အခဲတော့ ပြေလည်အောင် ဖြေရှင်းပေးရတာပေါ့။"

လက်ရှိမှာတော့ တရုတ်၊ အိန္ဒိယတို့နဲ့ ငွေကြေးချင်း တိုက်ရိုက် ကုန်သွယ်တာမှာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကိုပဲ အဓိက ကုန်သွယ်သွားမှာဖြစ်တယ်လို့ ဌာနဆိုင်ရာဘက်က ဗွီအိုအေကိုပြောခဲ့တာ ဖြစ်ပါတယ်။ မကြာခင်မှာလည်း အိန္ဒိယဘက်က မြန်မာကနေ ပြောင်းတန်ချိန် ၃သိန်းနီးပါးကို အကောက်အခွန်လွတ် အစီစဉ်နဲ့ ဝယ်ယူသွားဖို့ ရှိနေပါတယ်။

Forum

XS
SM
MD
LG