သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အကာကွယ်ပေးဖို့ အိန္ဒိယတောင်းဆို 


မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ဦးသန်းဆွေနဲ့ အိန္ဒိယနိုင်ငံရေးခြားရေးဝန်ကြီး ဒေါက်တာ အက်စ် ဂျေရှန်ကာ (Subrahmanyam Jaishankar) တို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာ တွေ့ဆုံစဥ်။ (Photo: X page)
မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ဦးသန်းဆွေနဲ့ အိန္ဒိယနိုင်ငံရေးခြားရေးဝန်ကြီး ဒေါက်တာ အက်စ် ဂျေရှန်ကာ (Subrahmanyam Jaishankar) တို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာ တွေ့ဆုံစဥ်။ (Photo: X page)

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေဆက်ဖြစ်နေပြီး နောက်ဆက်တွဲ သက်ရောက်မှုတွေကို စိုးရိမ်ကြောင်းနဲ့ မြန်မာနိုင်ငံအတွင်းက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးဖို့ အိန္ဒိယ နိုင်ငံရေးခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။ အီရန်ခရီးစဥ်ကအပြန် အိန္ဒိယကိုခရီးတထောက်ဝင်လာတဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ဦးသန်းဆွေနဲ့ နယူးဒေလီမြို့တော်မှာတွေ့ဆုံစဥ် အဲဒီလိုပြောဆိုခဲ့တာလို့ အိန္ဒိယနိုင်ငံရေးခြားရေးဝန်ကြီး ဒေါက်တာ အက်စ် ဂျေရှန်ကာ (Subrahmanyam Jaishankar) က သူ့ရဲ့ လူမှုကွန်ရက် X မှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံတွင်း အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးတွေကို ယုံကြည်ကိုးစားထိုက်တဲ့ အကာအကွယ်တွေပေးဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယရဲ့စိုးရိမ်ချက်တွေကိုလည်းဆွေးနွေးခဲ့ပြီး အထူးသဖြင့် တရားမဝင်မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုကိစ္စ၊ လူကုန်ကူးမှုပြဿနာတွေအပြင် မြဝတီမှာပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေ အိမ်အမြန်ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့တောင်းဆိုခဲ့တယ်လို့ အိန္ဒိယ နိုင်ငံရေးခြားရေးဝန်ကြီးက ပြောပါတယ်။ တဘက်မှာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်ကို အလျင်အပြန် ပြန်လည်ရောက်ရှိဖို့တိုက်တွန်းထားပြီး အိန္ဒိယအနေနဲ့ မြန်မာ့အရေးကိုင်တွယ်ဖြေရှင်းရာမှာ သက်ဆိုင်သူအားလုံးကို ထိတွေ့ဆက်ဆံဖို့ လမ်းဖွင့်ထားကာ ကူညီဖို့အသင့်ရှိကြောင်းပြောပါတယ်။

အိန္ဒိယရဲ့ရည်မှန်းချက်မြင့်မားတဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူ ပို့ဆောင်ရေး စီမံကိန်းဟာ ပဋိပက္ခတွေကြားမှာ အဆုံးမသတ်နိုင် ဖြစ်နေတာပါ။ အိန္ဒိယဟာ ဒီစီမံကိန်းကို ၂၀၁၀ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ကနဦးပြီးစီးဖို့ ရည်မှန်းထားပေမယ့် ဆယ်စုနှစ်တခုကြာ နှောင့်နှေးနေတာဖြစ်သလို အစောပိုင်းက ခန့်မှန်းထားတဲ့ ကုန်ကျစရိတ်ထက်လည်း အဆပေါင်းများစွာ ငွေကြေးကုန်ကျနေတာလည်း ဖြစ်ပါတယ်။

ဒီမိုကရေစီ နိုင်ငံကြီးဖြစ်တဲ့အိန္ဒိယဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်လက် ထိတွေ့ဆက်ဆံနေတာဖြစ်ပြီး ဒီသီတင်းပတ် အစောပိုင်းတုန်းကလည်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်အကြီးအကဲနဲ့တွေ့ဆုံခဲ့ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်းကို စောစီးစွာပြန်ရောက်ဖို့ တောင်းဆိုခဲ့ပါသေးတယ်။

ရှမ်းမြောက်မှာ အိမ်နီးချင်း အင်အားကြီး တရုတ်က ကြားဝင်စေ့စပ်ပေးထားတဲ့ အပစ်ရပ်ရေးပျက်ပြားပြီး မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေချိန်၊ ရခိုင်မှာလည်း ညီနောင်အဖွဲ့ဝင် အာရက္ခတပ်တော် (AA) နဲ့ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ စစ်ကောင်စီရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဟာ ဒေသတွင်းက နောက်ထပ် အင်အားကြီး အိန္ဒိယနိုင်ငံကို ရောက်နေတာပါ။

အိန္ဒိယကိုခရီးတထောက် ဝင်လာတာလို့ ထုတ်ပြန်ထားတဲ့ ဒီခရီးစဥ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ လတ်တလော သတင်းမထုတ်ပြန်သေးပါဘူး။ ဇွန်လ ၂၆ ရက် (ဗုဒ္ဓဟူးနေ့) ထုတ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် တင်းစာမှာတော့ အီရန်နိုင်ငံ တီဟီရန်မြို့တော်မှာ ၁၉ ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ အဖွဲ့ (အေစီဒီ) ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်းမှာ စစ်ကောင်စီ ဝန်ကြီး ဦးသန်းဆွေက ထိုင်း၊ နီပေါနဲ့ ကာတာ နိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG