သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ နယ်စပ်စည်းကာဖို့ အိန္ဒိယပြည်ထဲရေးဝန်ကြီး ပြော 


တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ကြရသူ မြန်မာများ (နိုဝင်ဘာ ၂၀၂၁)
တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ကြရသူ မြန်မာများ (နိုဝင်ဘာ ၂၀၂၁)

မိုင် ၁,၀၀၀ ကျော်ရှည်လျားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်လုံးကို ခြံစည်းရိုးကာရံမယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အာမစ် အနီးလ် ချန်ဒရာ ရှား (Amit Anil Chandra Shah) က ဖေဖော်ဝါရီ ၆ ရက်နေ့က ထပ်မံပြောလိုက်ပါတယ်။ “အရူနာချယ်ပရာဒက်ရှ်နဲ့ မဏိပူရပြည်နယ်တွေကနေ စတင်မှာဖြစ်ပြီး မဏိပူရပြည်နယ်မှာ ၁၂ မိုင်အရှည်ကို နယ်စပ် စည်းရိုးကာရံတာတွေ မကြာခင်မှာ စတင်တော့မယ်” လို့ ပြည်ထဲရေး ဝန်ကြီးက ပြောကြောင်း အိန္ဒိယသတင်းတွေမှာ ဖော်ပြကြပါတယ်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပြေးဒုက္ခသည်တွေ သောင်းနဲ့ချီ အိန္ဒိယဘက် ခိုလှုံလာကြအပြီးမှာ နယ်စပ်လုံခြုံရေးကို အိန္ဒိယဘက်က တိုးလုပ်လာနေတာပါ။ လက်ယာစွန်း အမျိုးသားရေးဝါဒီ မိုဒီအစိုးရအနေနဲ့ နယ်စပ်တလျှောက် အကြားအလပ်မရှိ၊ ဖြတ်သန်းလို့ မရနိုင်တဲ့ နယ်စပ်စည်းရိုးခတ်ဖို့ ဆုံးဖြတ်ထားပြီး ဒီအတိုင်း လုပ်ဆောင်သွားမယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ဒါဟာ နှစ်နိုင်ငံကြား နယ်စပ်တလျှောက်နေထိုင်နေကြတဲ့ လူမျိုးစုတွေ နယ်ခြားမျဉ်းကို ဖြတ်ကျော်ပြီး ၁၀ မိုင်လောက်အထိ ပြည်ဝင်ခွင့်ဗီဇာနဲ့ နိုင်ငံကူးလက်မှတ်တွေ မပါဘဲ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာခွင့်ရှိတဲ့ Free Movement Regime (FMR) လို့ ခေါ်တဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို ထိခိုက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ချင်းပြည်နယ်နဲ့ စစ်ကိုင်းအထက်ပိုင်းတလျှောက်မှာရှိတဲ့ ချင်း၊ နာဂနဲ့ မီဇို အစရှိတဲ့ လူမျိုးစုတွေနဲ့ မျိုးနွယ်ချင်းတူတဲ့ မီဇိုရမ်နဲ့ နာဂလန်းပြည်နယ်တွေက ဗဟိုအစိုးရရဲ့ဆုံးဖြတ်ချက်ကို ပြန်လည် ကန့်ကွက်နေကြပါတယ်။

အိန္ဒိယဟာ မြန်မာနဲ့ မဏိပူရ၊ မီဇိုရမ်၊ အာသံ၊ နာဂလန်းနဲ့ အရူနာချယ်ပရာဒက်ရှ် ပြည်နယ်တွေမှာ နယ်နိမိတ်ချင်းထိစပ်နေပြီး နယ်စပ်အများစုက အကာအရံမရှိပါဘူး။ မြန်မာနဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် သဘောတူညီချက်ကိုလည်း အိန္ဒိယကနေ ပြန်လည်သုံးသပ်နေပြီး ဝင်ထွက်သွားလာရတာလွယ်ကူနေတာကို အဆုံးသတ်မယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ခြံစည်းရိုးခတ်ဖို့ အပြင် နယ်စပ်လုံခြုံရေးကောင်းစေဖို့ နယ်စပ်တလျှောက်မှာ ကင်းလှည့်မယ့်လမ်းကြောင်းတွေကို သတ်မှတ်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်တုန်းက အိန္ဒိယ ပြည်ထဲရေးဝန်ကြီးရဲ့ ပထမဆုံးကြေညာချက်အပြီးမှာတော့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lalduhoma က “ဒီလို နယ်စပ်ခြံစည်းရိုးခတ်ရေးကို ဗဟိုအစိုးရက အခွင့်အာဏာသုံးခွင့်မရှိဘူး” လို့ တုံ့ပြန်ထားပါတယ်။ ဒီနယ်စပ်မျဥ်း သတ်မှတ်ချက်တွေက မီဇိုရမ်ဒေသခံတွေနဲ့ တိုင်ပင်ခဲ့ခြင်းမရှိဘဲ ဗြိတိသျှကိုလိုနီခေတ်က တဖက်သတ်ချမှတ်ထားလို့ နယ်စပ်နှစ်ဘက်က လူမျိုးစုတွေက နယ်နိမိတ်ကို လက်မခံကြောင်း ပြောထားပါတယ်။

မီဇိုရမ်ပြည်နယ် အခြေစိုက် သြဇာအရှိဆုံး အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်တဲ့ Young Mizo Association (မီဇို လူငယ်အစည်းအရုံး) အပါအဝင် မီဇိုရမ်၊ နာဂလန်းနဲ့ မဏိပူရရှိ လူမှုအဖွဲ့အစည်း တဒါဇင်ကျော်ကလည်း အိန္ဒိယ ဗဟိုအစိုးရက အဆိုပြုထားတဲ့ နယ်စပ်ခြံစည်းရိုးခတ်တာနဲ့ လွပ်လပ်စွာဝင်ထွက်ခွင့် FMR ကို ဖျက်သိမ်းတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြတယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG