သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဖာထောင်တွင်း မြန်မာအကျဉ်းသားတွေ ဆက်လက်ဆန္ဒပြနေဆဲ


အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဥ်းထောင် (Crd: Google)
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဥ်းထောင် (Crd: Google)

အိန္ဒိယ၊ မဏိပူပြည်နယ်၊ အင်ဖာအကျဉ်းထောင်ကလွတ်မြောက်ရေး မြန်မာအကျဥ်းသားတွေ ဆန္ဒပြနေတာဟာ သီတင်း ၂ ပတ်ကျော် သွားပြီဖြစ်ပါတယ်။ ထောင်တာဝန်ရှိသူတွေနဲ့ ရှေ့နေတွေက ဆန္ဒမပြဖို့ လာပြီးညှိနှိုင်းနေပေမဲ့လည်း မြန်မာပြည်ပြန်မပို့ရေးအပါအဝင် စစ်ဘေးဒုက္ခသည် အခွင့်အရေးရဖို့ မြန်မာအကျဉ်းသားတွေ ဆက်ပြီးဆန္ဒပြနေကြဆဲအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

မဏိပူ၊ အင်ဖာအကျဉ်းထောင်ကနေ လွတ်မြောက်ဖို့အပါအဝင် အိန္ဒိယနယ်စပ်ဒေသတချို့က လုံခြုံတဲ့နေရာမှာ ခိုလှုံခွင့်ရဖို့ ဇွန်လ ၁၆ ရက်ကစပြီး မြန်မာအကျဉ်းသားတွေ အစာအငတ်ခံပြီး စတင်ဆန္ဒပြခဲ့ကြတာပါ။ အခုဆိုရင် ၁၅ ရက်ကျော်လာပြီဖြစ်ပေမဲ့ ဆန္ဒပြတာကိုရပ်ဖို့ ရှေ့နေတချို့က လာပြီးညှိနှိုင်းတာကလွဲလို့ ပြည်နယ်အစိုးရဘက်က တုံ့ပြန်မှု မရှိသေးပါဘူး။ ဒါကြောင့် အကျဉ်းသားတွေက ထောင်ကပေးတဲ့ အစားအသောက်ကိုမယူတော့ဘဲ မိမိဖာသာ ထောင်တွင်းစိုက်ပျိုးထားတဲ့ အသီးအနှံတွေစားပြီး ဆက်လက် ဆန္ဒပြနေကြတယ်လို့ သူတို့ကို ကူညီနေတဲ့အရပ်ဘက်အဖွဲ့ India for Myanmar က ဆလိုင်းဒိုခါရ်က ဗွီအိုအေကို ပြောပါတယ်။

"အဓိကတော့ လာညှိနှိုင်းတဲ့ရှေ့နေတွေက ပြည်နယ်အစိုးရကနေ စေလွှတ်တဲ့ ရှေ့နေတွေဖြစ်ဖို့ များတာပေါ့နော်။ သူတို့ကတော့ သူတို့ (အကျဉ်းသားတွေ) တောင်းဆိုတဲ့ ချက်ချင်းလွှတ်ပေးဖို့၊ အိန္ဒိယပြည်တွင်းမှာ လွှတ်ပေးဖို့ဆိုတဲ့ဟာတော့ ကျနော်တို့လုပ်ပိုင်ခွင့် ဘောင်ထဲမှာမဖြစ်ဘူးတဲ့ ဗဟိုအစိုးရကပဲ လုပ်ပေးမှရမယ်၊ သူတို့လုပ်ပေးနိုင်တာက စကစသံရုံးနဲ့ ချိတ်ပေးပြီးတော့မှ မြန်မာပြည်ပြန်ပို့မယ် ဆိုတဲ့ဟာမျိုးပဲ လုပ်ပေးခွင့်ရှိတယ်ဆိုတာမျိုး။ သူတို့ဆန္ဒပြမှုကတော့ မနေ့ညအထိမရပ်နားဘူး။ ရပ်နားဖို့လည်း အစီအစဉ် မရှိသေးဘူးလို့တော့ ပြောတယ်။"

အကျဉ်းသားတွေ တောင်းဆိုတာတွေကိုတော့ အိန္ဒိယ ဗဟိုအစိုးရဆီကို တင်ပြပေးမယ်လို့ အင်ဖာထောင်ကို ဇွန်လ၂၆ ရက်မှာ ရောက်လာတဲ့ ရှေ့နေတွေက ပြောခဲ့ကြောင်း သူကပြောပါတယ်။ မြန်မာအကျဉ်းသားတဦးရဲ့မိခင်ကတော့ သူတို့အနေနဲ့ သူတို့ရဲ့သမီး လွတ်မြောက်ဖို့ ငွေကျပ် သိန်း၂၀ နီးပါးအထိ အကျဉ်းထောင်နဲ့ နီးစပ်သူတွေကို ပေးခဲ့ရပေမယ့် လွတ်မြောက်ခြင်းမရှိသေးကြောင်း ဗွီအိုအေကို ပြောပါတယ်။

"ကျုပ်တို့က ပိုက်ဆံက သိန်း၂၀ ကုန်ထားပြီးမှ ဘာမှလည်းမရ၊ ဆောက်မယ့်အိမ်ကလေးတွေ တချို့ကလည်း ဝန်းကလေးတွေ၊ ဝိုင်းကလေးတွေကိုရောင်း၊ တချို့ကလည်း အိမ်တိုင်လေးတွေ မဆောက်ခင် ချရောင်းပြီး အဲလိုပဲ ပေးလိုက်ရတာ။ အဲဒီ သိန်း၂၀ ဆိုတာ ကျပ်တို့ရဲ့အနေနဲ့က တော်တော်ကိုခက်ခဲတယ်။ ကျုပ်တို့က စားမရ၊ အိပ်မရ ဒီသမီးစိတ်နဲ့ပဲ အခုဝေခွဲလို့မရဘူး။ '၇ လပိုင်းတော့ လွတ်မယ်လို့ ပြောသံကြားတယ်တဲ့ စောင့်ကြည့်ပါဦး' ဆိုတာနဲ့ အခုနည်းနည်းတော့ စိတ်တော့ အေးရပါတယ်။"

ငွေပေးခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းဖို့ အင်ဖာအကျဉ်းထောင်ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ အကျဉ်းကျနေတဲ့ မြန်မာအများစုက အထောက်အထားမဲ့ နေထိုင်မှုကြောင့် Foreigner Act နဲ့ ဖမ်းဆီးခံရတာလို့ အများစုက ပြောကြပါတယ်။ မြန်မာအများစုကတော့ မဏိပူနယ်စပ်က ယက်ကန်းလုပ်ငန်းတွေမှာ အရင်ကတည်းက အလုပ်သွားလုပ်နေကြတာပါ။ အခု မဏိပူ အင်ဖာထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားက ၁၅၉ ယောက်ကျန်ရှိနေပါတယ်။ အများစုကတော့ မြန်မာပြည်ကို ပြန်ပြီးလွှဲပြောင်းမှာကို စိုးရိမ်နေပြီး လုံခြုံတဲ့အိန္ဒိယနယ်စပ်မြို့တခုခုကို မိမိတို့အစီအစဉ်နဲ့ နေထိုင်ခွင့်ရဖို့ ပိုပြီး မျှော်လင့်နေကြောင်း အရပ်ဘက် အဖွဲ့အစည်းတွေက ပြောနေကြပါတယ်။

Forum

XS
SM
MD
LG