နိုဝင်ဘာလကတည်းက လှေတွေနဲ့ရောက်လာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁,၅၀၀ ကျော်အတွက် အကူအညီပေးကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို အင်ဒိုနီးရှားက အင်္ဂါနေ့က မေတ္တာရပ်ခံလိုက်ပါတယ်။ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေက ပြန်နှင်ထုတ်နေချိန် တချိန်တုန်းကတော့ ရိုဟင်ဂျာဒုက္ခသည်တွေကို အင်ဒိုနီးရှားက သည်းခံခဲ့တာပါ။ ဒါပေမဲ့ တချို့ဒေသခံ အင်ဒိုနီးရှားတွေက ရိုဟင်ဂျာတွေ အပေါ် ရန်လိုလာတာနဲ့အမျှ အခုကိစ္စနဲ့ပတ်သက်ပြီး သမ္မတဂျိုကိုဝီဒိုဒိုက အရေးယူဆောင်ရွက်ဖို့ ဖိအားပေးသလို ဖြစ်လာခဲ့ပါတယ်။
‘ရောက်လာတဲ့ ရိုဟင်ဂျာအများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက လာကြတာပါ။ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ တိုက်ခိုက်ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာကြရသူတွေပါ။ တတိယနိုင်ငံမှာ အခြေချရေးလို ဒုက္ခသည်ပြဿနာကို ကိုင်တွယ်နေကြတာက ခုအထိ အလွန့်ကို နှေးကွေးနေတယ်ဆိုတာ ကျနော်တို့ တွေ့ရပါတယ’ လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Muhammad Iqbal က ဂျာကာတာမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။
ရိုဟင်ဂျာပြဿနာဖြေရှင်းရေး အားထုတ်ကြရာမှာ ပိုပြီးတာဝန်ယူကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို သူက တိုက်တွန်းလိုက်ပါတယ်။ ‘အစိုးရက ဒုက္ခသည်တွေကို ယာယီခဏတော့ အကူအညီပေးပါမယ်’လို့ သမ္မတဝီဒိုဒိုက တနင်္လာနေ့က ပြောပါတယ်။