သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာလီကျွန်းမီးတောင် ပေါက်ကွဲမှုကြောင့် လေဆိပ်ဆက်ပိတ်


ကမ္ဘာပေါ်မှာ လူသိများထင်ရှားတဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီ အပန်းဖြေကျွန်းပေါ်က မီးတောင်ကြီးဟာ အင်္ဂါနေ့မှာ ဆက်လက်ပေါက်ကွဲနေပြီး မီးတောင်ကနေ မှုတ်ထုတ်တဲ့ ပြာတွေဟာ ၂ မိုင်ခွဲ အမြင့်ရှိပြီး သောင်းနဲ့ ချီတဲ့ခရီးသွားတွေ ခရီးမဆက်နိုင်ဘဲ ဒုတိယမြောက်ရက်အဖြစ် သောင်တင် နေကြပါတယ်။ အဲဒီမီးတောင်ကြီးဟာ တချိန်က သမိုင်းမှာ လူ့အသက်တွေ ဆုံးရှုံးရတဲ့အထိ ဖြစ်ခဲ့ဘူးပါတယ်။

မီးတောင်အဝမှာ ချော်ရည်တွင်းကြီးဖြစ်နေပြီး မီးတောင်ပေါက်ကွဲမှုအခြေအနေက ဘယ်လောက် ဆိုးရွားမယ်၊ အချိန်ဘယ်လောက် ကြာအောင် ဆက်လက် ပေါက်ကွဲနေမယ် ဆိုတာ မသိနိုင်သေးဘဲ ရှိနေပါတယ်။

အာဏာပိုင်တွေဟာ မောင့် အဂွန်း (Mont Agung) မီးတောင် တဝိုက်ကို သတိပေးချက် အမြင့်ဆုံး ထုတ်ပြန်ထားပြီး၊ လူပေါင်း တသိန်းကို မီးခိုးရောင်နဲ့ အဖြူရောင် အငွေ့တွေ ကောင်းကင်ပေါ် မှုတ်ထုတ်နေတဲ့ မီးတောင်အဝရှိရာ အရပ်ကနေ ၆ မိုင် အကွာအတွင်း မနေကြဖို့ နှိုးဆော်ထားပါတယ်။

၁၉၆၃ ခုနှစ်က အဲဒီမီးတောင် ပေါက်ကွဲ ခဲ့ရာမှာ လူပေါင်း တထောင်လောက် သေဆုံးခဲ့ရပါတယ်။

ကျွန်းတဝိုက် လေထုထဲမှာ ပြန့်နေတဲ့ သိပ်သည်းတဲ့ မီးလောင်ပြာတွေက လေယာဉ်ရဲ့ အင်ဂျင်ကို ထိခိုက်မှာ စိုးရိမ်တဲ့အတွက် ဘာလီ နိုင်ငံတကာ လေဆိပ်ကို နောက်ထပ် ၂၄ နာရီ ဆက်လက် ပိတ်ထားဖို့ တာဝန်ရှိသူတွေက အမိန့်ထုတ်ထားပါတယ်။

သူတို့ စီးနင်းရမယ့် လေယာဉ်တွေကို စောင့်မျှော်နေကြတဲ့ ခရီးသွားတွေအတွက် လေဆိပ်က လေယာဉ် အတက်အဆင်း အချိန်ပြသတဲ့ ဇယားတွေမှာ ခရီးစဉ်ဖျက်သိမ်းထားကြောင်း မှတ်ချက်တွေနဲ့ ပြည့်နေပါတယ်။

အင်္ဂါနေ့မှာ ဆိုက်ရောက် ပျံသန်းဖို့ရှိတဲ့ လေယာဉ်ခရီးစဉ်ပေါင်း ၄၄၀ ကျော်ကို ဖျက်သိမ်းထားခဲ့ရပြီး၊ ခရီးသည်ပေါင်း ၆ သောင်းနီးပါး အတွက် အဆင်မပြေမှုတွေနဲ့ ကြုံတွေနေရတယ်လို့ လေယာဉ်ကွင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG