သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ်မြန်မာဝင်ခွင့်ပေးဖို့ အတွင်းရေးမှူးချုပ်တောင်းဆို


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres။

[Zawgyi/Unicode]

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မြန်မာနိုင်ငံအခြေအနေအရပ်ရပ်ကို သုံးသပ်လေ့လာနိုင်ဖို့ သတ်မှတ်ထားတဲ့ အခြေအနေ တခုအောက်မှာ ကုလအထူးကိုယ်စားလှယ် လာရောက်ခွင့်ပေးဖို့ မြန်မာစစ်အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံအခြေအနေ အရပ်ရပ်အပေါ်မှာလည်း အတွင်းရေးမှူးချုပ်အနေနဲ့ အလွန်တရာ စိုးရိမ်တယ်လို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကုလထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမြို့ကြီးတွေမှာ အင်အားသုံးမှု များပြားလာတာနဲ့ သံချပ်ကာကားတွေ နောက်ထပ်ချထားတဲ့ ကိစ္စတွေ အပါအဝင် မြန်မာနိုင်ငံ အခြေအနေနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်ပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ကြေငြာချက်မှာဖော်ပြထားတာပါ။ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို အပြည့်အဝလေးစားဖို့နဲ့ ဆန္ဒပြသူတွေကို နှိမ်နှင်းတာတွေမလုပ်ဖို့ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ကို တောင်းဆိုကြောင်း အအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

သတင်းအချက်လက် ရပိုင်ခွင့်အပါအဝင် လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖေါ်ခွင့်ကို နှောက်ယှက် ဖျက်ဆီးမှုတွေ မလုပ်ဖို့လည်း မစ္စတာ Guterres က တိုက်တွန်းထားပါတယ်။ မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်ရေး၊ တရားဥပဒေစိုးမိုးရေး ရရှိဖို့ ကြိုးပမ်းမှုကို ကုလသမဂ္ဂအနေနဲ့ မယိမ်းမယိုင် ဆက်ပြီး ထောက်ခံသွားမယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထပ်မံ ကတိပြုပါတယ်။ အထူးကိုယ်စားလှယ် မစ္စ Christine Schraner Burgener ကို မြန်မာနိုင်ငံကို သွားရောက်ခွင့်ပြုပြီး အခြေနေကို ကိုယ်တိုင် အကဲဖြတ် လေ့လာခွင့် အမြန်ဆုံး ပေးဖို့လည်း မြန်မာစစ်အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနဲ့ ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံတွေက သံအမတ်ကြီးတွေကလည်း မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရကိုဖြုတ်ချခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်လိုက်သလို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းတတွေမလုပ်ဖို့ တိုက်တွန်းချက်တစောင် မနေ့က ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေနဲ့ နိုင်ငံဝန်ထမ်းတွေကို ဆက်ပြီးဖမ်းဆီးနေတဲ့အပေါ် ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချကြောင်းလည်း အဲဒီ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ဒီမိုကရေစီရေး၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုကို ရှာဖွေနေကြတဲ့မြန်မာပြည်သူလူထုကို ထောက်ခံအားပေးကြောင်းနဲ့ တကမ္ဘာလုံးက စောင့်ကြည့်နေကြောင်းလည်း အဲဒီကြေငြာချက်မှာ ပါရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG