သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စဥ့်ကူးမြို့ တိုက်ပွဲပြင်းထန် စစ်ကောင်စီလေကြောင်းသုံးတိုက်ခိုက်


မန္တလေးတိုင်း၊ မတ္တရာမြို့ အနောက်ခြမ်းရှိရွာများ မီးလောင်နေတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (မတ် ၁၃-၁၆၊ ၂၀၂၃)
မန္တလေးတိုင်း၊ မတ္တရာမြို့ အနောက်ခြမ်းရှိရွာများ မီးလောင်နေတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (မတ် ၁၃-၁၆၊ ၂၀၂၃)

မန္တလေးတိုင်း စဥ့်ကူးမြို့မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့လို့ မြို့ပေါ်မှာ မီးလောင်ကျွမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ္တရာမြို့မှာလည်း ကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နေရာတွေကို တိုက်ခိုက်သိမ်းပိုက်တာတွေ ရှိပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

မန္တလေးတိုင်း စဥ့်ကူးမြို့မှာ ဇူလိုင် ၁၅ ရက်ကစလို့ ဇူလိုင် ၁၇ ရက် ဗုဒ္ဓဟူးနေ့အထိ တိုက်ပွဲပြင်းထန်နေတာပါ။ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် မြို့တွင်းနေရာအချို့မှာ မီးလောင်ကျွမ်းတာတွေရှိတယ်လို့ မြေပြင်အခြေအနေကို သိရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်းမှာ အင်အားဖြည့်တင်းတာတွေရှိပြီး စဥ့်ကူးဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ မြေပြင်အခြေအနေကိုသိနေတဲ့ဒေသခံတဦးက ပြောပါတယ်။

"စဥ့်ကူးက ၃ ရက်လောက်ရှိပြီ။ လေကြောင်းတိုက်ခိုက်မှုက မရပ်ဘူး။ ပြင်းထန်တယ် ပြောရမှာပေါ့။ တံတားဦးကတက်လာတဲ့ ဖိုက်တာရယ်၊ Y12 တို့ ပြင်ဦးလွင်ကတက်လာတဲ့ Mi35 တို့က နေ့စဉ် တနေကုန်နီးပါးလုပ်နေတာဆိုတော့လေ။ စဥ့်ကူးမြို့ပတ်ပတ်လည်မှာ တိုက်ပွဲတွေပြင်းနေတယ်ဆိုတာလောက်ပဲသိတယ်။ တံတားဦးကတက်တဲ့ Y12 လေယာဉ်တွေက အပေါ်ကနေ ဗုံးသီးချတာဘာကြောင့်မို့လို့ မြို့ထဲမှာ မီးလောင်တယ် ဘာတယ်ကြားတယ်ပေါ့။ မီးလောင်တယ်တော့ကြားတယ်။ သီးခြားအတည်ပြုလို့မရသေးဘူး။ နောက်ပြီးတော့ စဥ့်ကူးနဲ့ နယ်ချင်းစပ် ကျောက်မြောင်း ခမရ (၁၂) ကို သူတို့တံတားဦးကနေ Mi17 လို့ခေါ်တဲ့ ရဟတ်ယာဉ်တွေနဲ့ လူချတာတို့၊ ခဲယမ်းလက်နက်ချတာတို့ရှိတယ်။ အားဖြည့်တယ်။ ပြီးတော့ ဟောင်ဝစ်ဇာနဲ့ စဥ့်ကူးဘက်ကို ညပိုင်းတွေ ပိုပြီးတော့ပစ်တယ်။ မနက်ကလည်း မနက်စောစောပိုင်းလေး စဥ့်ကူးမြို့နယ်ဘက်ကို ဟောင်ဝစ်ဇာတွေတော်တော်လေးပစ်တယ်။ အချက်ရေများတယ်။"

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စဥ့်ကူးမြို့ကို အဓိက တိုက်ခိုက်နေတဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ကို မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာတော့ မရှိသေးပါဘူး။

လူမှုကွန်ယက်ပေါ် ဒေသခံတွေတင်ထားတဲ့ ဗွီဒီယိုတွေမှာတော့ မြို့ရဲ့နေရာတော်တော်များများ မီးလောင်ကျွမ်းနေတာကို တွေ့ရှိရပြီး အခြားဒေသခံတဦးကလည်း မြို့ပေါ် မီးလောင်ကျွမ်းနေတာကို အတည်ပြုပါတယ်။ စဥ့်ကူးမြို့ပေါ် ရဲစခန်းမှာ ရဲတွေမရှိတော့ဘဲ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ရဲစခန်းအချုပ်ထဲပိတ်မိပြီး လွတ်မြောက်လာသူတွေက လူမှုကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

မြို့ပေါ်မှာ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး မြို့ခံတော်တော်များများက တိမ်းရှောင်သွားကြပေမယ့် အချို့တွေတော့ ကျန်ရှိနေသေးတယ်လို့လည်း သိရပါတယ်။

ဇူလိုင် ၄ ရက်ကလည်း စဥ့်ကူးမြို့အနီး စစ်ကောင်စီတပ်စွဲထားတဲ့ မန္တလေး-မိုးကုတ်လမ်းပေါ်က လက်ပံလှရဲစခန်းနဲ့ ပင်လယ်ကြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။

စဥ့်ကူးမြို့နဲ့ကပ်လျက် မတ္တရာမြို့နယ်ထဲမှာလည်း စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေပါတယ်။ မတ္တမြို့နဲ့ ၆ မိုင်သာကွာဝေးတဲ့ တံငါသည်တောင်ရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဇူလိုင် ၁၆ ရက်မှာတော့ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"မနေ့ကလာတယ်။ ဟုတ်တယ်။ လေယာဉ်နဲ့ကြဲတယ်။ ရဟတ်ယာဉ်နဲ့ထုတာ။ညနေ ၅ နာရီလောက် လာထုသွားတာ။"

မတ္တရာမြို့မြောက်ဘက်က တံငါသည် တောင်ရွာနဲ့ မြောက်ရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၁၁ ရက်နေ့က တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၁၆ ရက်မှာတော့ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မတ္တရာမြို့နယ်ထဲက စစ်တပ် တပ်စွဲထားတဲ့နေရာ ၂၈ နေရာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးတာတွေရှိသလို သုံ့ပန်းအဖြစ်ဖမ်းဆီးရမိတာနဲ့ လက်နက်တွေသိမ်းဆည်းရမိတယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။

မတ္တရာမြို့နယ်ထဲက Alpha ဘိလပ်မြေစက်ရုံကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG