သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပဋိပက္ခအရေးနဲ့ နိုင်ငံတကာ အခန်းကဏ္ဍ


Head: အသက် (၈၀) ခန့် အဖွားအို လက်နက်ကြီးကျည်သင့် သေဆုံး
Head: အသက် (၈၀) ခန့် အဖွားအို လက်နက်ကြီးကျည်သင့် သေဆုံး

ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း

မြန်မာလူဦးရေ ၁၅ သန်းကျော်အတွက် စာနာမှုအကူအညီ အမေရိကန်ဒေါ်လာ ၆၄၃ သန်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (UNOCHA) ရဲ့ အစီရင်ခံစာကပြောတဲ့အကြောင်းကို အောက်တိုဘာ ၃၁ ရက်နေ့ VOA သတင်းမှာ ဖော်ပြခဲ့တာတွေ့ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အဖွဲ့အစည်းတွေအတွက် အောက်တိုဘာလ ကုန်အထိ လိုအပ်ငွေပမာဏရဲ့ ၂၂ ရာခိုင်နှုန်းသာရရှိပြီး အမေရိကန်ဒေါ်လာ ၆၄၃ သန်း လိုအပ်နေတဲ့အကြောင်း၊ နေရာတချို့မှာ သိုလှောင်ထားတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ မလုံလောက်တော့တဲ့အကြောင်း၊ မြန်မာနိုင်ငံမှာဆက်ပြီး ရင်ဆိုင်နေရတဲ့ ပဋိပက္ခနဲ့ ငွေကြေးဖေါင်းပွမှုတွေ၊ အခြေခံစားကုန် ဈေးနှုန်းတွေကြီးမြင့်မှုနဲ့ အစားအစာ မလောက်ငတဲ့ဒဏ် ဆိုးဆိုးဝါးဝါးနဲ့ အတန်အသင့် ရင်ဆိုင်နေရသူ လူပေါင်း ၁၅ သန်းနဲ့ ၂ သိန်းရှိတဲ့အကြောင်း၊ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေ အပါအဝင် ၂၀၂၂ ခုနှစ် နှစ်ဝက်အတွင်း မြန်မာနိုင်ငံမှာ အရေးပေါ် အကူအညီလိုအပ်နေသူ အိုးမဲ့အိမ်မဲ့ သုံးသန်းတစ်သိန်းအထိ အကူအညီတွေပေးခဲ့ကြောင်း၊ ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြား အရပ်သားပြည်သူ တစ်သန်းလေးသိန်း အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေကြပြီး အဲဒီအထဲက တစ်သန်းတစ်သိန်းဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်စွန့်ခွာရသူ အိုးမဲ့အိမ့်မဲ့တွေ ဖြစ်တယ်လို့ UNOCHA ရဲ့အစီရင်ခံစာမှာ ဖော်ပြထားတဲ့အကြောင်းကို VOA သတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။

အဲဒီလို အိုးအိမ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ ကလေးငယ် ငါးသိန်းပါဝင်တယ်လို့ Save the Children က အောက်တိုဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာကလေးငယ် ငါးသိန်း မပါဝင်သေးပါဘူး။ အဲဒီလို လိုအပ်ချက် ကြီးမားနေပေမယ်လို့ မြန်မာနိုင်ငံအကျပ်အတည်းဟာ ကမ္ဘာတဝှမ်းမှာ ငွေကြေးထောက်ပံ့ကူညီမှု အနည်းဆုံးဖြစ်ကြောင်းကိုလည်း Save the Children က သတိပေးခဲ့ပြီး မြန်မာနိုင်ငံကကလေး သူငယ်များကို အကာအကွယ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းကိုတိုက်တွန်းထားပါတယ်။

ISP လို့ခေါ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ကလည်း စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြို့နယ်ပေါင်း ၉၆ ခုမှာ စစ်ပြေးဒုက္ခသည်ပေါင်း ၁,၆၅၀,၆၁၁ ဦးထက်မနည်း ရှိလာတယ်။ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ဟာ စစ်ပြေးဒုက္ခသည် အများဆုံးရှိရာ မြို့နယ်ဖြစ်ပြီး၊ အရေအတွက်အားဖြင့် ၁၂၆,၀၀၀ ဦးထက်မနည်း ရှိတယ်လို့ နိုဝင်ဘာ ၁ ရက်နေ့က အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် ၃၄ (ဃ) မှာ ဖော်ပြထားပါတယ်။ စစ်ကိုင်းတိုင်းဟာ စစ်ပြေးဒုက္ခသည် အများဆုံးဖြစ်ပြီးတော့ စစ်ပြေးဒုက္ခသည်အားလုံးရဲ့ ၄၁ ရာခိုင်နှုန်း ရှိတယ်။ အရေအတွက်အားဖြင့် ခြောက်သိန်း ရှစ်သောင်းကျော် ရှိတယ်လို့ ISP ရဲ့ အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် ၃၄ (ဂ) မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဒီကိန်းဂဏန်းတွေဟာ မြန်မာနိုင်ငံတွင်းမှာ စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်နဲ့ သူတို့အတွက် လိုအပ်နေတဲ့ နေထိုင်စရာနေရာနဲ့ အစာအသောက်လိုအပ်ချက်ပမာဏ ဘယ်လောက်ကြီးမားနေတယ်ဆိုတာ ပြသနေပါတယ်။ ဒါကြောင့်လဲ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအကျပ်အတည်းနဲ့ ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေဟာ မြန်မာနိုင်ငံကိုကျော်လွန်ကာ အိန္ဒိယနဲ့ ထိုင်းလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေအထိ ရောက်ရှိလာနေပြီလို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတွေ၊ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြပြောဆိုကြတာပါ။

သောင်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေ နယ်စပ်ဒေသတွေကို ရောက်ရှိလာတာ၊ ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးပြီး စီးပွါးရေးကျပ်တည်းလာတာကြောင့် အိမ်နီးချင်း ထိုင်းနဲ့ မလေးရှားနိုင်ငံတွေထဲ ရွှေ့ပြောင်းလုပ်သားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတာတွေနဲ့အတူ ကြုံတွေ့ရတဲ့ လူကုန်ကူးမှုပြဿနာ၊ မူးယစ်ဆေးဝါးကုန်သွယ်မှု ပြဿနာတွေဟာ ဒေသတွင်းထိ ဂယက်ရိုက်ခတ်လို့နေပါပြီ။ ဒါကြောင့်လဲ အာဆီယံကို မြန်မာ့အရေးမှာ ပုံစံသစ်နဲ့ ချဉ်းကပ်ဖို့ အလုပ်မဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ရပ် ကိုင်ဆွဲထားတာကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းနေကြတာပါ။

ဒီအကြောင်းကို ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့က စောအဲလက်စ်ထူး ပြောကြားတာကို ဗွီအိုအေက အောက်တိုဘာ၂၇ ရက်နေ့မှာ အခုလိုထုတ်လွှင့်ခဲ့ပါတယ်။ "အာဆီယံအဖွဲ့အစည်းတွေ၊ နိုင်ငံတွေစဉ်းစားရမှာက မြန်မာပြည်ရဲ့ ပြဿနာက ပြည်တွင်းပြဿနာ မဟုတ်ဘူး။ သူကနိုင်ငံကို ကျော်ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေမှာ သွားပြီးတော့မှ သက်ရောက်တယ်ပေါ့။ ပြီးရင် ဒေသတွင်းလုံခြုံရေးကို အများကြီး
ထိရောက်တဲ့ဟာ။ အခုတော့ လူကုန်ကူးမှုတွေ အများအပြား ဖြစ်လာတယ်။ နောက်ပြီး drug issue ပေါ့နော်။ ပဋိပက္ခဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲ လူမှုရေး ပြဿနာတွေ၊ ငွေရေးကြေးရေး ပြဿနာ၊မှောင်ခို ဒီဟာတွေအားလုံးက အာဆီယံနိုင်ငံတွေ အားလုံးကို ကူးနေ၊ဖြစ်နေတာ ကျနော်တို့ တွေ့ရတယ်”။

လက်ရှိအချိန်မှာ မလေးရှားနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံထားသူနဲ့ မြန်မာဒုက္ခသည် အရေအတွက်ဟာ ၁၈၅,၀၀၀ (တသိန်းရှစ်သောင်းငါးထောင်ကျော်) လောက် ရှိတယ်။ မလေးရှားနိုင်ငံတဝှမ်း ထိန်းသိမ်းရေးစခန်း ၂၁ ခုမှာ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၁၇၅၀၀ (တသောင်းခုနှစ်ထောင့်ငါးရာ) လောက်ရှိပြီး အဖမ်းခံထားရတဲ့ အထဲမှာကလေးငယ် ၁၅၀၀ (တထောင့်ငါးရာ) လောက် ပါဝင်တယ်လို့ Human Rights Watch အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံကလည်း စိတ်ကြွဆေးထုတ်လုပ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေ မြန်မာနိုင်ငံဘက် တင်ပို့နေတာကို ထိုင်းအစိုးရက ထိန်းချုပ်မယ်လို့ ဆိုပါတယ်။ Methamphetamine စိတ်ကြွဆေး ထုတ်လုပ်မှုတွေကို ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့အနေနဲ့ Sodium Cyanide တင်ပို့မှုတွေ ရပ်ဆိုင်းထားဖို့ ထိုင်းအစိုးရက လွှတ်တော်ကို တင်ပြမယ့်အကြောင်းနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသကနေ နှစ်စဉ် စိတ်ကြွဆေးပြားအနည်းဆုံး သန်း ၂၈၀ ကို မူးယစ်ဆေးထုတ်လုပ်သူတွေက တင်ပို့နေကြတဲ့အကြောင်း အောက်တိုဘာလထဲမှာ ထိုင်းတရားရေးဝန်ကြီး Somsak Thepsutin ပြောဆိုတာကို ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြခဲ့တာတွေ့ရပါတယ်။

အခုလို ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrew က"ဒီ ပြဿနာတွေ အားလုံးရဲ့ အရင်းခံဟာ တစ်ခုတည်းပဲ ဖြစ်ပါတယ်။ ခင်ဗျား တပ်မတော်လို့ပဲခေါ်ခေါ်၊ စစ်ကောင်စီလို့ပဲ ရည်ညွန်း၊ ရည်ညွှန်း အဲဒီ မြန်မာစစ်တပ်အပေါ် ခေတ်အဆက်ဆက် အရေးယူနိုင်မှု မရှိဘဲ၊ သူတို့ဟာ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရနေလို့ပဲ ဖြစ်ပါတယ်”လို့ ဘီဘီစီနဲ့တွေ့ဆုံခန်းမှာ ပြောကြားခဲ့ပါတယ်။

ဒီပြဿနာတွေ အဆုံးသတ်ဖို့၊ မြန်မာနိုင်ငံတွင်းမှာ အခြေအနေတွေ ပိုဆိုးမလာစေဖို့ တစ်နည်းအားဖြင့် စစ်အာဏာသိမ်းတာ အဆုံးသတ်စေဖို့ဆိုရင် အာဆီယံအနေနဲ့ မြန်မာ့အရေး ချဉ်းကပ်ပုံပြောင်းလဲဖို့ လိုအပ်သလို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာ့အရေးမှာ အခုထက် ပိုတာဝန်ယူဖြေရှင်းကြဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းပါ။

==== Unicode ====











XS
SM
MD
LG