သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ခန့်အပ်


အီရန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် သမ္မတ Donald Trump အစိုးရက ခန့်အပ် တာဝန်ပေးခံရသူက - သူတို့အဖွဲ့အနေနဲ့ နျူကလီးယားလက်နက်၊ အကြမ်းဖက်မှုနဲ့ အမေရိကန်နိုင်ငံသားတွေ ဖမ်းဆီး ထိန်းသိမ်းထားခြင်းဆိုင်ရာ အီရန်အစိုးရရဲ့ အပြုအမူ သဘောထားတွေ ပြောင်းလဲလာအောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

အီရန်အရေး ဦးဆောင် လုပ်ကိုင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ခန့်အပ် တာဝန်ပေးခြင်းခံရတဲ့ Brian Hook က နိုင်ငံခြားရေးဌာနမှာ ကြာသပတေးနေ့က အဲဒီလို ပြောကြားလိုက်တာဖြစ်ပြီး အဲဒီ အဖွဲ့ကိုတော့ Iran Action Group အီရန်အရေး ဆောင်ရွက်မယ့်အဖွဲ့လို့ အမည်ပေးထားပါတယ်။

မေလအတွင်း ဝန်ကြီး Pompeo တင်ပြခဲ့တဲ့ အီရန်ဆိုင်ရာ လုပ်ငန်းစဉ်တွေထဲက အီရန်ရဲ့ ပြုမူ ဆက်ဆံပုံနဲ့ဆိုင်တဲ့ ကဏ္ဍ ၁၂ ခုကို အီရန်အရေးဆောင်ရွက်မယ့် အဖွဲ့အနေနဲ့ အဓိက အာရုံစိုက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း Brian Hook က ပြောပါတယ်။ အီရန်အနေနဲ့ နြူကလီးယားလက်နက် တည်ဆောက်ရေး အစီအစဉ်တွေ ဆက်လက် လုပ်ဆောင်နေတာ၊ အကြမ်းဖက် လုပ်ငန်းတွေကို ထောက်ခံ အားပေးနေတာနဲ့ သူ့အဆိုအရ အမေရိကန်နိုင်ငံသားတွေကို ဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘဲ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကိစ္စတွေကို သူ့အဖွဲ့ အနေနဲ့ ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း Brian Hook က ပြောပါတယ်။

အီရန်ကတော့ သူတို့အနေနဲ့ နျူကလီးယားလက်နက် တည်ဆောက်ဖို့ ကြိုးစား ဆောင်ရွက်နေခြင်းမရှိသလို အကြမ်းဖက် လုပ်ငန်းတွေကို ပံ့ပေးတာလည်း လုပ်နေခြင်း မရှိကြောင်း၊ အမေရိကန်နိုင်ငံသားတွေကို ဖမ်းဆီးထားတယ် ဆိုတာမှာလည်း အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တဲ့အတွက် ဖြစ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

နိုင်ငံခြားရေးဌာနမှာ မူဝါဒ ချမှတ်ရေးညွန်ကြားရေးမှူးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့ Brian Hook က အီရန်အရေး ဆောင်ရွက်မယ့်အဖွဲ့အတွက် အမြဲတမ်း ဝန်ထမ်းတွေ မကြာခင်မှာ ခန့်အပ်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေကို တိုးချဲ့ ခန့်အပ်သွားမယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG