သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တွေ့ဆုံမှုမတိုင်ခင် အမေရိကန် ဒဏ်ခတ်မှုတွေ ဖယ်ရှားဖို့ အီရန်လိုလား


 အီရန်သမ္မတ Hassan Rouhani
အီရန်သမ္မတ Hassan Rouhani

အမေရိကန်သမ္မတ Donald Trump သာ တွေ့ဆုံဆွေးနွေးချင်တယ်ဆိုရင် ပထမဆုံး စတင်လုပ်ဆောင်ပြီး အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုအားလုံးကို ရုပ်သိမ်းရမယ်လို့ အီရန်သမ္မတ Hassan Rouhani က ပြောပါတယ်။

အီရန်အနေနဲ့ နျူကလီးယားလက်နက် တည်ဆောက်ဖို့ ဆန္ဒမရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားဖြစ်တယ်လို့ သမ္မတ Rouhani ကပြောပြီး ဒဏ်ခတ်အရေးယူမှုတွေဟာ တရားမဝင်ဘူး၊ ကျိုးကြောင်းဆီလျော်မှုမရှိဘူး၊ မျှတမှုမရှိဘူးလို့ ပြောပါတယ်။

အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ရေး သဘောတူညီချက်အသစ်တရပ်အတွက် စေ့စပ်ညှိနှိုင်းဖို့ လာမယ့်သီတင်းပတ် တွေအတွင်း သမ္မတ Rohani နဲ့ တွေ့ဆုံမယ့်အလားအလာ သိပ်ကိုကောင်းနေတယ်လို့ သမ္မတထရမ့်ပ်က တနင်္လာနေ့မှာ ပြောတာပါ။ ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ နိုင်ငံတကာ သဘောတူစာချုပ်ကနေ ပြီးခဲ့တဲ့နှစ်မှာ သမ္မတထရမ့်ပ်က နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ စီးပွားရေးအင်အားကြီး ခုနစ်နိုင်ငံအဖွဲ့ G7 ထိပ်သီးအစည်းအဝေးအဆုံးမှာ သမ္မတထရမ့်ပ်က အီရန်က တွေ့ချင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။

အီရန်အပေါ် လွန်ခဲ့တဲ့တနှစ်က သူချမှတ်ခဲ့တဲ့ စီးပွားရေး ဒဏ်ခတ်အရေးယူမှုတွေကြောင့် အီရန်ဟာ လံုံးဝအထိနာနေတယ်လို့ သမ္မတထရမ့်ပ်ကပြောပါတယ်။ ဒါပေမယ့် စစ်ရေးတိုးချဲ့မှုတွေနဲ့ တိုက်ခိုက်မှုတွေလုပ်ပြီး ပြည်ပမှာ တင်းမာမှု အရှိန်မြင့်လာအောင် အီရန်ကမလုပ်ပါဘူးဆိုတဲ့ သတ်မှတ်ချက်အောက်မှာသာ သမ္မတ Rouhani နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့လည်း သမ္မတထရမ့်ပ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG