သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-အီရန်တင်းမာမှု ပြည်ပရောက် မြန်မာတချို့အမြင်


(Zawgyi / Unicode)

အီရန်နိုင်ငံမှာ သြဇာကြီးတဲ့ ထိပ်တန်းတပ်မှူးတဦးဖြစ်သူ ဗိုလ်ချုပ် Qassem Soleimani ကို ဇန်နဝါရီလ (၃) ရက်နေ့မှာ အမေရိကန်ဘက်က အဝေးထိန်းဒရုံးနဲ့ လေကြောင်းကနေ တိုက်ခိုက် လုပ်ကြံခဲ့တဲ့ကိစ္စအပေါ် ကမ္ဘာ့နိုင်ငံအတော်များများကြားမှာ အတော်လေး တုန်လှုပ်ရိုက်ခိုက်ခဲ့သလို နောက်ဆက်တွဲ အကျိုးဆက်တွေအဖြစ် အီရန်နဲ့ အမေရိကန်ကြား တင်းမာမှုအခြေအနေကြောင့် နောက်ထပ် စစ်ပွဲတွေ ထပ်ပြီး ဖြစ်လာမလားလို့လည်း အမေရိကန်ပြည်သူတွေကြား စိုးရိမ်မကင်းဖြစ်မှုတွေ ရှိနေပါတယ်။ အမေရိကန်ရောက် မြန်မာပြည်ဖွားတွေရဲ့ သဘောထားအမြင်တွေရော ဘယ်လိုရှိပါသလဲ။ မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

ဒေသတွင်းနဲ့ အမေရိကန်အပေါ် တိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေကို တားဆီးဖို့ အတွက် အီရန်တော်လှန်ရေးတပ် ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ် Qassem Soleimani ကို ဒရုန်းယာဉ်နဲ့တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တာဖြစ်တယ်လို့ အမေရိကန်သမ္မတ Donald Trump က ကြေညာပြောဆိုခဲ့တာပါ။ ဒီအပေါ်မှာ ကာလီဖိုးနီးယားပြည်နယ် ရှမ်းစာပေယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်ရဲ့ အမြင်ကတော့

“အီရန်နိုင်ငံဟာ အမေရိကန်နိုင်ငံကို အမြဲတမ်းလိုလိုပဲ ခြိမ်းခြောက်နေတဲ့နိုင်ငံဖြစ်တယ်။ အရင်တုန်းကလည်း အမေရိကန်နိုင်ငံရဲ့ သံအမတ်တွေကို ဖမ်းတယ်။ သံရုံးတွေကို ဝင်စီးတယ်။ အခုလည်း အမေရိကန်သံရုံးကို ဝင်စီးတာဖြစ်နေတယ်။ ဆိုတော့ အမေရိကန် သမ္မတအနေနဲ့ အဲဒီ အီရန်ဗိုလ်ချုပ်ကို လုပ်ကြံဖို့ အမိန့်ပေးလိုက်တာ ကျနော်ထင်တာကတော့ လာမယ့် ဘေးကို ကာကွယ်တာလည်းဖြစ်တယ်၊ နောက်ပြီးတော့မှ သတိပေးတာလည်း ဖြစ်နိုင်တယ်။ ဘာလို့ဆိုတော့ အီရန်နိုင်ငံက အခုဆိုရင် အဏုမြူ လက်နက် တွေလည်း လုပ်နေတယ်ဆိုတော့ အမေရိကန်နိုင်ငံအတွက်တော့ အထူးစိုးရိမ်စရာဖြစ်နေလို့ သူအခုကြိုတင်ပြီးတော့ သတိပေးသလို၊ စစ်ပွဲကို ကာကွယ်သလို လုပ်တယ်လို့ ကျနော်ထင်တယ်။”

အခြားတဘက်မှာလည်း အမေရိကန်သမ္မ Donald Trump အနေနဲ့ ပြည်တွင်းမှာ ရင်ဆိုင်နေရတဲ့ သူ့အပေါ် တရားစွဲမယ့် အခြေအနေလမ်းကြောင်းလွဲှဖို့နဲ့၊ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲ အတွက် အမှတ်ယူဖို့ လုပ်သလားဆိုတဲ့ ထင်မြင်ချက်တွေလည်း ရှိပါတယ်။ ဒီအပေါ်မှာ အင်ဒီယားနားပြည်နယ်မှာ နေထိုင်တဲ့ ဒေါက်တာတင့်ဆွေရဲ့ အမြင်ကတော့

“ Trump ဟာ ပြည်တွင်းမှာရင်ဆိုင်နေရတဲ့ တရားစွဲဆိုမှုကိစ္စရယ်၊ နောက်မကြာခင်လာတော့မယ့် ရွေးကောက်ပွဲ ကိစ္စရယ်၊ ဒီ ၂ ခုအပေါ် အမှတ်ယူဖို့ လုပ်သလားလို့ တော်တော်လေးတော့ သံသယရှိကြပါတယ်။ ဒါပေမယ့် အမေရိကန် -အီရန် ဆက်ဆံရေးကလည်း အစဉ်အဆက်ကိုက ပြဿနာ ကြီးကြီးမားမား ရှိခဲ့တဲ့ ကိစ္စအတွက် ထိထိရောက်ရောက် အရေးယူမှု လုပ်လိုက်သလားဆိုတာလည်း ပြောလို့မရဘူး။ ဒါကြောင့် ကျနော်မြင်တာ ၂ ဖက်လုံး ဖြစ်နိုင်တယ်လို့ မြင်ပါတယ်။

မေး။ ။ သမ္မတ Trump ရဲ့ လုပ်ရပ် မှန်ကန်တယ်လို့ရော ယူဆပါသလား။

ဖြေ။ ။ ကြားလူအနေနဲ့ ပြောရတာတော့ နည်းနည်းခက်တယ်။ တကယ်တမ်း ပြောရရင် အီရန်ရဲ့ ရန်လိုမှု အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားကို ဘယ်လောက်အထိ ခြိမ်းခြောက်သလဲဆိုတာကတော့ Trump အသိဆုံးပါ။ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်မယ့် ကိစ္စတွေကို တန်ပြန်တဲ့အခါမှာ အခုနောက်ဆုံးလုပ်ရပ်ကို ကြည့်ရင် အမေရိကန်နိုင်ငံရဲ့ စွမ်းဆောင်ရည်ကို ပြသလိုက်ပြီးတော့ နောင်မှာ သူ့နိုင်ငံသားတွေ၊ သူ့အကျိုးစီးပွားတွေကို ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ခြိမ်းခြောက်ရင် သူက တိတိကျကျနဲ့ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် လုပ်နိုင်စွမ်းရှိတယ်လို့ ပြတဲ့အချက်လည်း ပါတယ်။ နောက်အန္တရာယ်တွေကိုလည်း ကြိုတင်ကာကွယ်ဖို့ လုပ်သလားလို့ ဒီအချက်ကိုလည်း ကျနော်တို့ ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။”

အမေရိကန်က လုပ်ကြံလိုက်တဲ့ အီရန် စစ်ဗိုလ်ချုပ် Soleimani ဟာ အစ္စရေးအပါအဝင် အနောက်နိုင်ငံတွေကို ဆန့်ကျင်ရေးမှာ ဒေသတွင်းမဟာမိတ်တပ်တွေကို ကိုယ်စားပြုသူလို့ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆက်တွဲအကျိုးဆက်အဖြစ် ဒေသတွင်း အခြားနိုင်ငံတွေနဲ့ပါ စစ်ဖြစ်လာမယ့် အန္တရာယ်ကို စိုးရိမ်မိကြောင်း ကာလီဖိုးနီးယားပြည်နယ်အခြေစို Burmese American Muslim Association ဥက္ကဌ ဦးမောင်အေးက ဗွီအိုအေကို ပြောပါတယ်။

“ကျနေ်ာတို့ဘက်က မြင်တာကတော့ အီရန်နဲ့ အမေရိကန်ကြားမှာ တင်းမာမှုတွေက တော်တော်လေး စိုးရိမ်ဖွယ်ရာရှိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါ နှစ်ဦးနှစ်ဖက်မှာ အရင်ကတည်းကလည်း ရန်ဆောင်လိုတဲ့ အနေအထားတွေရှိတဲ့အတွက်ကြောင့် ဒါဟာ တော်တော်လေး အခြေအနေ ရှုပ်ထွေးတယ်လို့ ကျနော်မြင်တယ်၊ ဒါကြောင့် နှစ်ဦးနှစ်ဖက်က ဒါကို အခြေအနေကို ကြည့်ပြီးတော့ ဖြစ်နိုင်တဲ့ Solution တခုကို ရှာပြီးတော့ အကောင်းဆုံးဖြစ်အောင်လုပ်သင့်တယ်လို့ ထင်တယ်။ နောက်ပြီးတော့ အီရန်ဘက်ကလည်း သူတို့ တုံ့ပြန်မှုတွေ ပြုလုပ်မယ်ဆိုတာက ချင့်ချင့်ချိန်ချိန်နဲ့ လုပ်သင့်တယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တုံ့ပြန်မယ်လို့ သူတို့ ၁၀၀ ရာခိုင်နှုန်း သန္နိဋ္ဌာန် ချထားတဲ့အပေါ်မှာ ဒါကြီးက ကမ္ဘာစစ်ကြီးကိုလည်း ဦးတည်သွားနိုင်တဲ့အနေအထားမှာရှိတယ်။ တခြားနိုင်ငံတွေပါ ပါဝင်လာဖွယ်ရာရှိတယ်။ ဆိုတော့ အီရန်ရဲ့ လက်တုံ့ပြန်မှုမှာ အစ္စရေးနိုင်ငံကိုလည်း တုံ့ပြန်နိုင်တယ်။

မေး။ ။ အခုလို အီရန်နဲ့ စစ်ရေးအရ တင်းမာလာနေတဲ့အခြေအနေမှာ အမေရိကန် ပြည်ထောင်စုအတွင်းမှာ နေထိုင်နေတဲ့ အခြားမွတ်စလင်အသိုင်းအဝိုင်းအခြေအနေရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။လောလောဆည် သူတု့ိက အီရန်နဲ့ ဖြစ်တဲ့အတွက် အီရန်ကလူတွေကို သူတို့ Target ထားမယ်။ အီရန်ကလူတွေကို အဝင်အထွက်တွေ သူတို့ check လုပ်မယ်။ စစ်မယ်၊ မေးမယ်၊ မြန်းမယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်က သူတို့လုပ်နေကြ ၊ သူတို့ procedure အတိုင်းပါပဲ၊ နယ်စပ်တွေမှာ လုပ်သလို ၊ လေဆိပ်တွေမှာလည်း လုပ်လာမယ်။ ဒါပေမယ့် ဒါနဲ့ ပတ်သက်ပြီးကျနော်တို့ မြန်မာပြည်က အသိုင်းအဝိုင်းတွေအတွက်ကတော့ ဒါသိပ်ပြီးတော့ စိုးရိမ်ပူပန်မှုရှိစရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြန်မာပြည်နဲ့ ဖြစ်တာလည်း မဟုတ်တဲ့အတွက်ကြောင့် မြန်မာပြည်သူပြည်သားတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ စိုးရိမ်စရာမရှိပါဘူး။”

အီရတ်နိုင်ငံ မြို့တော် ဘတ်ဒက်မှာရှိတဲ့ အမေရိကန်သံရုံးကို အီရန်ကြောထောက်နောက်ခံထားတဲ့ စစ်သွေးကြွအုပ်စုတွေနဲ့ သူတို့ကို ထောက်ခံသူတွေကနေ တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၊ ၂ ရက်နေ့မှာလည်း အမေရိကန် သံရုံးကို အီရတ် ဆန္ဒပြသူတွေက ဆက်လက်တိုက်ခိုက်မှုတွေ ရှိလာခဲ့ပြီးနောက် ဇန်နဝါရီလ ၃ ရက် နံနက်ခင်းအစောပိုင်းမှာတော့ ဘက်ဒက် နိုင်ငံတကာလေဆိပ်နား မော်တော်ယာဉ်တန်းနဲ့ သွားနေတဲ့ အီရန်နိုင်ငံမှာ သြဇာကြီးတဲ့ ထိပ်တန်းတပ်မှုးတဦးဖြစ်သူ ဗိုလ်ချုပ် Qassem Soleimani နဲ့ Kata’ib Hezbollah စစ်သွေးကြွအုပ်စုရဲ့ ခေါင်းဆောင် Abu Mahdi al-Muhandis တို့ကို အမေရိကန်ဘက်က အဝေးထိန်းဒရုံးနဲ့ တိုက်ခိုက်လုပ်ကြံခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.....................


(Unicode)













XS
SM
MD
LG