သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Soleimani ကို သုတ်သင်မှုအပေါ် လေ့လာသူတွေ ဘယ်လိုမြင်သလဲ


Soleimani နာရေးအခမ်းအနား တက်ရောက်သူများ။ ဇန်နဝါရီ ၄၊ ၂၀၁၉။
Soleimani နာရေးအခမ်းအနား တက်ရောက်သူများ။ ဇန်နဝါရီ ၄၊ ၂၀၁၉။

(Zawgyi/Unicode)

အီရတ်နိုင်ငံ ဘဂ္ဂဒက် နိုင်ငံတကာလေဆိပ်မှာ အီရန်တော်လှန်ရေးတပ် ထိပ်တန်းခေါင်းဆောင် ကို ဒရုန်းယာဉ်နဲ့တိုက်ခိုက်ဖို့ သူအမိန့်ပေးခဲ့တာလို့ အမေရိကန်သမ္မတ Donald Trump က ပြောပါတယ်။ ဒေသတွင်းနဲ့ အမေရိကန်အပေါ် တိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေကို တားဆီးဖို့ သောကြာနေ့မှာ အခုလို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒီလိုတိုက်ခိုက်မှုကြောင့် အီရန်နဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေအပေါ် ဘယ်လို ရိုက်ခတ်မှုရှိလာနိုင်မလဲဆိုတဲ့အကြောင်း VOA သတင်းထောက် Steve Hirsch ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။

အမေရိကန်ရဲ့ အခုလို လက်ရဲဇက်ရဲ တိုက်ခိုက်မှုကြောင့် ကမ္ဘာတဝန်း ရိုက်ခတ်မှုတွေ ရှိလိမ့် မယ်လို့ နိုင်ငံရေးသုံးသပ်သူတွေကဆိုပါတယ်။ မူဝါဒရေးရာ အကြံပေးအဖွဲ့ United Against Nuclear Iran ရဲ့ မူဝါဒပိုင်းဆိုင်ရာ ညွှန်ကြားရေးမှူး Jason Brodsky က အခုလို ပြောပါတယ်။

“Qasem Soleimani ဟာ ပြယုဂ်သက်သက်သာ မဟုတ်ပါဘူး။ အီရန်မှာ သူဟာ သြဇာကြီးမား သူပါ။ အီရန်ခေါင်းဆောင်ကြီး ကိုယ်တိုင်ကလည်း သူ့ကို အမွှမ်းတင်ပေးထားတာပါ။ သူ့ရဲ့သြဇာ အာဏာဟာ အီရန်မှာတင်မဟုတ်ဘဲ ဒေသတွင်းက တခြား လက်နက်ကိုင်အဖွဲ့တွေအပေါ် လည်း သက်ရောက်မှုရှိသလို ဒေသတွင်း နိုင်ငံရေးမှာလည်း လိုသလို ကြားဝင် နှောင့်ယှက်တာ တွေရှိပါတယ်။”

အီရန်ရဲ့ သေနင်္ဂဗျူဟာ ရေးဆွဲသူ၊ လက်ရွေးစင် ပြည်စောင့်တပ်မှူးကြီး Soleimani ရဲ့ လက်ထောက် Esmail Qaani ကို အီရန်ခေါင်းဆောင်က ရာထူးတိုးပေးလိုက်တာဟာလည်း စိတ်ဝင်စားစရာကောင်းတယ်လို့ Brodsky က ဆိုပါတယ်။

Soleimani ကို ခုလို သုတ်သင်နိုင်လိုက်တာဟာ သမ္မတ အိုဘားမားလက်ထက် အိုစမာဘင်လာဒင်ကို သုတ်သင်နိုင်လိုက်တာ၊ သမ္မတ Trump လက်ထက် al-Baghdadi ကို သုတ်သင်လိုက်တာတွေနဲ့ တူတယ်လို့လည်း သုံးသပ်ကြပါတယ်။ American Foreign Policy Council အကြီးတန်း ဒုဥက္ကဋ္ဌ Ilan Berman က -

“ဒေသတွင်း မတည်မငြိမ်ဖြစ်စေတာ၊ တခြား အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ စနစ်တကျ လက်တွဲဆောင်ရွက်နေတာတွေကို အမေရိကန်အပါအဝင် အားလုံးက သိထားကြတာပါ။ Trump အစိုးရအနေနဲ့ Soleimani လိုလူမျိုးကို အခုလို တိုက်ခိုက်ပြပြီးတဲ့နောက် ဖြစ်လာမယ့် အကျိုးဆက်အတွက် ပြင်ဆင်ထားပြီးသားပါ။”

အီရန်ရဲ့ အထူးအားထားရတဲ့ တပ်မှူးတဦးကို သတ်ဖြတ်လိုက်တာကြောင့် အီရန်ဘက်က လက်တုံ့ပြန်မှာကတော့မလွဲပါဘူးလို့ Berman ကဆိုပါတယ်။ ဒါပေမယ့်လည်း အမေရိကန်နဲ့ စစ်ရေးအရ အင်အားချင်းမယှဉ်နိုင်တာရော၊ အမေရိကန်ရဲ့ ပိုတင်းမာလာတဲ့ အနေအထားကို အကဲခတ်မိတာကြောင့်ရော အီရန်အနေနဲ့ မြန်မြန်ဆန်ဆန် ထိပ်တိုက်ရင်ဆိုင်တိုးမှာတော့ မဟုတ်ဘူးလို့လည်း သူက ထင်ကြေးပေးပါတယ်။

Qassem Soleimani အသက်ရှင်လျက်ရှိခြင်း မရှိခြင်းမှာ ဘယ်အခြေအနေက အမေရိကန်နဲ့ ကမ္ဘာကြီးအတွက် ပိုပြီး ဘေးကင်းလုံခြုံစေမလဲဆိုတဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို သမ္မတ Donald Trump ရွေးချယ် ချမှတ်ခဲ့ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Morgan Ortagus ကပြောပါတယ်။

---------------------------------

(Unicode)










တိုက်ရိုက် လင့်ခ်


XS
SM
MD
LG