သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မဖြစ်အောင် တားဆီးဖို့ Soleimani ကို သုတ်သင်တာလို့ သမ္မတထရမ့်ပ်ပြော


(Zawgyi / Unicode)

အမေရိကန်စစ်တပ်ဟာ သူ့ရဲ့ ညွှန်ကြားချက်အရ အမှားအယွင်းကင်းပြီး တိကျတဲ့ တိုက်ခိုက်မှုတစ်ခုနဲ့ ကမ္ဘာ့ နံပါတ် ၁ အကြမ်းဖက် သမား Qasem Soleimani ကို သုတ်သင်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့က ပြောပါတယ်။

အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် Soleimani ကို ပစ်မှတ်ထားပြီး ဘဂ္ဂဒက်မြို့အနားမှာ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ အတည်ပြု ပြောကြားအပြီး သမ္မတ ထရမ့်က ဒီ တိုက်ခိုက်မှုအကြောင်း အခုလို ပထမဆုံး အကြိမ် လူသိရှင် ကြား ပြောဆိုတာပါ။

သမ္မတ ထရမ့်က Soleimani ဟာ အမေရိကန် သံတမန်တွေနဲ့ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို တိုက်ခိုက်ဖို့ စီစဉ်ဆောင်ရွက်နေချိန်မှာ သုတ်သင်လိုက်တာဖြစ်ကြောင်းနဲ့ စစ်ဖြစ်မလာစေဖို့ အခုလို သုတ်သင်တာလို့ ပြောပါတယ်။

“မနေ့ညက ကျနော်တို့ စစ်ပွဲတခုဖြစ်မလာအောင် တားဆီးဖို့ အရေးယူဆောင်ရွက်ခဲ့ရပါတယ်။ ကျွန်တော်တို့ စစ်ပွဲ စဖို့ လုပ်ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်ဟာ အီရန် ပြည်သူတွေကို သိပ်ကို လေးစားပါတယ်။ အီရန် ပြည်သူတွေဟာ ထူးခြား အံ့သြဖွယ်ကောင်းပြီး မယုံနိုင်စရာ ယဉ်ကျေးမှုသမိုင်း အမွေအနှစ်တွေ ရှိသလို သူတို့ရဲ့ အလားအလာဟာလည်း အကန့်အသတ်မဲ့ ရှိနေပါတယ်။ အီရန် အစိုးရကို ပြောင်းလဲပစ် ဖို့ ကျွန်တော်တို့ မကြိုးစားပါဘူး။ ဒါပေမဲ့ အီရန်ရဲ့ ကြားခံအင်အားစုတွေနဲ့ ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေကို မတည်မငြိမ် ဖြစ်အောင် လုပ်နေတာတွေ အပါအဝင် အီရန် အစိုးရရဲ့ ရန်လိုမှုတွေကို ရပ်တန့်ပစ်ရပါမယ်။ ချက်ချင်း ရပ်တန့်ပစ်ရပါမယ်” လို့ သမ္မတ ထရမ့်က ပြော ပါတယ်။

ဆက်လက်ပြီး သမ္မတ ထရမ့်က အခုအခါ အကြမ်းဖက်အကြောက်တရားစိုးမိုးမှုကြီး ပြီးဆုံးသွားတာကြောင့် ကမ္ဘာကြီးအတွက် စိတ်သက်သာ ရာ ရစရာဖြစ်ကြောင်း၊ အခု စစ်ဆင်ရေးကို လုပ်သင့်တာ ကြာပြီဆိုတာကို သူ မကြာခဏ ပြောခဲ့ကြောင်း၊ အခုတိုက်ခိုက်မှုအပေါ် ကလဲ့စားချေဖို့ လက်တုံ့ပြန်လာနိုင်ချေရှိတဲ့ ပစ်မှတ်တွေကို သူ့အနေနဲ့ ခွဲခြား သတ်မှတ် သိရှိထားပြီးဖြစ်သလို ပြန်လည် တုံ့ပြန်ဖို့ အသင့်ရှိနေတယ်လို့လည်း ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန် လေကြောင်းချီတပ်မ အမှတ် ၈၂ လက်အောက်ခံ လျှပ်တစ်ပြက် တုံ့ပြန်ရေးတပ် (Immediate Response Force - IRF) က တပ်ဖွဲ့ဝင် ၇၅၀ ဝန်းကျင်ဟာ ကူဝိတ်နိုင်ငံမှာရှိတဲ့ Salem လေတပ်စခန်းကို သောကြာနေ့က ရောက်သွားပါပြီ။ နောက်ထပ် တပ်ဖွဲ့ဝင် ၃,၀၀၀ ဟာလည်း အဲဒီလေတပ်စခန်းကို သွားနေကြပြီလို့အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

လောလောဆယ်အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ ကျော် အီရတ်မှာတပ်စွဲထားသလို တစ်ခြား တပ်ဖွဲ့ဝင် ၅၅,၀၀၀ ်ဟာ လည်း အရှေ့အလယ်ပိုင်း ဒေသမှာ ရှိနေပါတယ်။ အဲဒီ တပ်ဖွဲ့တွေဟာ အီရန်ရဲ့ ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။

တင်းမာမှု မြင့်တက်နေတာကြောင့် ဘဂ္ဂဒက်မှာ ရှိတဲ့ အမေရိကန်သံရုံးကတော့ အမေရိကန်နိုင်ငံသားတွေ အီရတ်ကနေ ချက်ချင်း ထွက်ခွာ သွားကြဖို့ သောကြာနေ့က ညွှန်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)









ဆက်စပ်သတင်းများ ...

XS
SM
MD
LG