သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်တန်းတပ်မှူးတဦးသေဆုံးမှု လက်တုံ့ပြန်မယ်လို့ အစ္စရေးကို အီရန်သတိပေး


အီရတ်နိုင်ငံ၊ နာဂျတ်ဖ်မြို့မှာလုပ်တဲ့ အီရန်ထိပ်တန်းတပ်မှူးကြီး ရာဇီမူဆာဗီရဲ့ အသုဘအခမ်းအနား။ (ဒီဇင်ဘာ ၂၇၊ ၂၀၂၃)
အီရတ်နိုင်ငံ၊ နာဂျတ်ဖ်မြို့မှာလုပ်တဲ့ အီရန်ထိပ်တန်းတပ်မှူးကြီး ရာဇီမူဆာဗီရဲ့ အသုဘအခမ်းအနား။ (ဒီဇင်ဘာ ၂၇၊ ၂၀၂၃)

ဆီးရီးယားက အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အီရန် ထိပ်တန် တပ်မှူးကြီး ဗိုလ်ချုပ်ကြီး ရာဇီမူဆာဗီအတွက် အစ္စရေးအပေါ် အီရန်နဲ့ မဟာမိတ်တွေက တိုက်ရိုက် လက်တုံ့ပြန်မယ်လို့ အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဗုဒ္ဓဟူးနေ့က သတိပေးလိုက်ပါတယ်။

ဆီးရီးယားမြို့တော် ဒမတ်စကတ်မြို့ဆင်ခြေဖုံးကို အစ္စရေးက တနင်္လာနေ့ကတိုက်ခိုက်မှုအတွင်း အီရန်ရဲ့ ထိပ်တန်း Quds တပ်ဖွဲ့ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Qassem Soleimani ရဲ့ အရင်းနှီးဆုံး ရဲဘော်ရဲဘက်ဖြစ်တဲ့ မူဆာဗီ သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံပိုင်ဗီဒီယာက တနင်္လာနေ့က ကြေညာခဲ့တာပါ။ စစ်ဘေးသင့်နေတဲ့ ဆီးရီးယားမှာ အီရန်နဲ့ ဆက်နွှယ်နေတဲ့ ပစ်မှတ်တွေကို အခုနှစ်ပိုင်းတွေထဲ ရာနဲ့ချီတဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ အစ္စရေးစစ်တပ်ဘက်က ဒီအကြောင်းကို အတည်ပြုတာ၊ ငြင်းဆိုတာမျိုး မလုပ်ခဲ့ဘဲ ပြည်ပမီဒီယာတွေရဲ့ ဖော်ပြချက်တွေအပေါ် မှတ်ချက်မပေးလိုကြောင်းသာ ပြောပါတယ်။

အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကပြောရေးဆိုခွင့်ရှိသူ ရာမ်ဇန်ရှာရစ်ဖ် ကတော့ "မူဆာဗီလုပ်ကြံခံရမှုအတွက် Axis of Resistance လို့ အမည်ပေးထားတဲ့ အီရန်နဲ့ မဟာမိတ်အဖွဲ့တွေက တုံ့ပြန်သွားမယ်လို့ ဆိုပြီး ဟားမတ်စ်အဖွဲ့ရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း အစ္စရေးဘက်က ရှုံးနိမ့်ခဲ့တာကြောင့် လုပ်ဆောင်တာလို့ စွပ်စွဲ ပြောဆိုပါတယ်။ အရှေ့အလယ်ပိုင်းဒေသတဝန်းက လက်ဘနွန်၊ အီရတ်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေမှာ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့တွေ ရှိနေချိန်မှာ ဂါဇာစစ်ပွဲ တကျော့ပြန်ဖြစ်လာနေတာလည်း ဖြစ်ပါတယ်။

အီရန် အစ္စလာမ်အစောင့်တပ်ဖွဲ့ရဲ့ နိုင်ငံခြားစစ်ဆင်ရေး လက်ရုံးတပ်မှူးမူဆာဗီရဲ့ ရုပ်အလောင်းကိုတော့ ကြာသပတေးနေ့ (ဒီနေ့) မှာ အီရန်မှာမြှုပ်နှံဖို့ စီစဥ်ထားပါတယ်။ ဒီ့မတိုင်မီ ဗုဒ္ဓဟူးနေ့ကတော့ သူ့ရဲ့ရုပ်အလောင်းကို ဘာသာရေးဆုတောင်းပွဲလုပ်ဖို့အတွက် အီရတ်နိုင်ငံ၊ နာဂျာ့ဖ်မြို့ကို သယ်ဆောင်ခဲ့ကြပါတယ်။ အီမာမ်အလီ ဘုရားကျောင်းထဲမှာ ဝတ်ပြုဆုတောင်းပွဲမကျင်းပမီ ရာနဲ့ ချီတဲ့ ဝမ်းနည်းပူဆွေးသူတွေဟာ နာဂျာ့ဖ်မြို့ထဲမှာ မူဆာဗီရဲ့ခေါင်းတလားကို သယ်ဆောင်ကာ မြို့လမ်းမတွေပေါ်မှာ စုဝေးချီတက်ခဲ့ကြပါတယ်။ သူ့ရဲ့ရုပ်အလောင်းကို နာဂျာ့ဖ်မြို့က ဆုတောင်းပွဲအပြီးမှာ ကာဘာလာမြို့ကိုလည်း ဆက်လက် သယ်ဆောင်သွားခဲ့ပြီး အီမန်ဟူစိန်ရဲ့ ဘုရားကျောင်းမှာ နောက်ထပ် ဘာသာရေးဝတ်ပြုမှုတခုလုပ်ဆောင်ခဲ့ပါတယ်။ အီရန်ရိုးရာဓလေ့အရ ရုပ်အလောင်းကို သင်္ဂြိုဟ်ခြင်းမပြုမီ ရှီယိုက်မွတ်ဆလင်ဘာသာဝင် သူတော်စင်တွေရဲ့ ဘုရားကျောင်းတွေကိုသယ်ဆောင်ပြီး ဝတ်ပြုဆုတောင်းလေ့ရှိတာပါ။

မူဆာဗီနည်းတူ သူနဲ့ ရင်းနှီးတဲ့ ရဲဘော်ရဲဘက်တဦးဖြစ်တဲ့ အီရန် ထိပ်တန်း Quds တပ်ဖွဲ့ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Qassem Soleimani ကတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတုန်းက အီရတ်မှာ အမေရိကန်မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG