သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး ပါလက်စတိုင်း နှစ်ပြည်ထောင်မူဝါဒနဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခ


ဒီတပတ်မှာတော့ ပြင်းထန်တဲ့ အစ္စရေး ဟားမတ်စ်ပဋိပက္ခနဲ့ နောက်ဆက်တွဲ အခြေအနေအတွေက အာရှဒေသတဝန်း ဘယ်လို ရိုက်ခတ်မှုတွေ ရှိနေလဲ ဆိုတာနဲ့ ပါလက်စတိုင်း အစ္စရေး နှစ်ပြည်ထောင် ပူးတွဲတည်ရှိရေးမူဝါဒ အကြောင်းတွေကို ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။  

အောက်တိုဘာလ ၇ ရက်ဟားမတ်စ်ကအစ္စရေးကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်လူ ၁,၄၀၀ လောက် သေဆုံးခဲ့ပြီးနောက် အစ္စရေးက ဂါဇာဒေသကိုလက်တုံ့ပြန်တိုက်ခိုက်တာကြောင့်အောက်တိုဘာလ ၂၀ ရက်နေ့အထိသေဆုံးသူ ၄,၂၀၀ လောက်ရှိသွားပြီဖြစ်ပါတယ်။

ဟားမတ်စ်အဖွဲ့ဟာ ပါလက်စတိုင်းကို ကိုယ်စားမပြုကြောင်းနဲ့ အစ္စရေးကိုကူညီသွားမှာဖြစ်ကြောင်း သမ္မတဘိုင်ဒန်က ၁၉ ရက်နေ့မိန့်ခွန်းမှာပြောဆိုခဲ့ပါတယ်။ အစ္စရေး-ပါလက်စတိုင်းပြဿနာကို ၂ ပြည်ထောင်တည်ရှိရေးမူအတိုင်း ဆက်လက်ဖြေရှင်းသွားမယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့ဟာ ၂ ပြည်ထောင်တည်ရှိရေးမူကို လက်လျော့အရှုံးမပေးနိုင်ပါဘူး။ အစ္စရေးနဲ့ ပါလက်စတိုင်း အတူတကွ ညီတူညီမျှ ဂုဏ်သိက္ခာရှိစွာ၊ လုံခြုံရေးချမ်းစွာနေနိုင်ရပါမယ်။”

ဒါ့အပြင် ပါလက်စတိုင်းရဲ့ဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အမေရိကန်အနေနဲ့ ထပ်မံအတည်ပြုပါတယ်လို့လည်း သမ္မတဘိုင်ဒန်ကပြောဆိုခဲ့ပါတယ်။ အစ္စရေး ပါလက်စတိုင်းပြဿနာအတွက် ၂ ပြည်ထောင်အတူတကွတည်ရှိရေးမူကို ၁၉၇၄ ခုနှစ်မှာ ကုလသမဂ္ဂကချ မှတ်ခဲ့ပါတယ်။ ပါလက်စတိုင်းကို ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ အချုပ်အခြာအာဏာပိုင်တိုင်းပြည်အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO နဲ့ သဘောတူညီမှုရရှိခဲ့ပြီး ပါလက်စတိုင်းအစိုးရဖွဲ့စည်းခဲ့ပါတယ်။ အခုအခါ Westbank ဒေသမှာရှိပါတယ်။ ဒါပေမယ့်လည်း ဟားမတ်စ်အဖွဲ့ဟာ နှစ်နိုင်ငံပူးတွဲတည်ရှိရေးမူကို လက်မခံပါဘူး။

၁၉၁၆ ခုနှစ် ဗြိတိသျှတွေမဝင်ရောက်မီ ပါလက်စတိုင်းနဲ့အနောက်အာရှကဒေသဟာ တူရကီအော်တိုမင်အင်ပါယာလက်အောက်ခံဖြစ်ပါတယ်။ ၁၉၀၀ ခုနှစ်လောက်ကတည်းက ပါလက်စတိုင်းဒေသကို ဂျူးဝစ်ဘာသာဝင်တချို့ ပြောင်းရွှေ့ အခြေချတာရှိပါတယ်။ ဂျူးဝစ်ဘာသာဝင်တွေအတွက် နိုင်ငံတနိုင်ငံထူထောင်ဖို့စိတ်ကူးကို ၁၈၉၆ ခုနှစ်က သြစတီးရီးယန်း-ဟန်ဂေရီ ဂျူး သတင်းစာဆရာ Theodor Herzl က Jewish State ဂျူးဝစ်နိုင်ငံတော်ဆိုတဲ့ စာအုပ်ကိုရေးသားပြီး တင်ပြခဲ့ပါတယ်။

ဥရောပတခွင် ဂျူးဆန့်ကျင်ရေးမြင့်တက်နေတဲ့အတွက် ဂျူးဘာသာဝင်တွေကို တနေရာရာမှာ တိုင်းပြည်ထူထောင်ပေးလိုက်ရင် ဂျူးဆန့်ကျင်မှုတွေလျော့ပါးသွားမယ်လို့ သူကယူဆခဲ့ပါတယ်။ သူကိုယ်တိုင်ဦးဆောင်ပြီး ဂျူးနိုင်ငံထူထောင်ရေးလှုပ်ရှားမှုစတင်ခဲ့ပါတယ်။

အစောပိုင်းမှာ ဗြိတိသျှသိမ်းပိုက်ထားတဲ့ အရှေ့အာဖရိကနဲ့တောင်အမေရိကဘက်က တနေရာရာကိုစဉ်းစားခဲ့ပေမယ့် Theodor Herzl သေဆုံးပြီး နောက်တနှစ် ၁၉၀၅ ခုနှစ်မှာ ပါလက်စတိုင်း ဒေသမှာ ထူထောင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်လို့ မှတ်တမ်းတချို့မှာဖေါ်ပြပါတယ်။ ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံဖြစ်လာခဲ့ပါတယ်။ အဲဒိနောက်အာရပ်အစ္စရေးစစ်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး ဒီကနေ့အခြေအနေအထိရောက်ရှိလာခဲ့တာပါ။

အမေရိကန်နဲ့အနောက်တိုင်းနိုင်ငံအတော်များများက အစ္စရေးဘက်ကရပ်ကြပေမယ့် မွတ်ဆလင်နိုင်ငံအတော်များများကတော့ အစ္စရေးရဲ့ဂါဇာဗုံးကြဲတိုက်ခိုက်မှုအပေါ်ကန့်ကွက်ဆန္ဒပြကြပါတယ်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အီရန်၊ အီဂျစ်၊ ဂျော်ဒန်၊ တူရကီ၊ တူနီးရှား၊ ရေမင်၊ လစ်ဘနွန်၊ မော်ရကို စတဲ့မွတ်ဆလင်နိုင်ငံတွေမှာ ထောင်နဲ့သောင်းနဲ့ ချီတဲ့သူတွေကအစ္စရေးရဲ့တိုက်ခိုက်မှုတွေရပ်တန့်ဖိုဆန္ဒပြကြပါတယ်။

အစ္စရေးက လုံခြုံရေးအတွက်ဆိုပြီး ပြီးခဲ့တဲ့ရက်က တူရကီ၊ ဂျော်ဒန်၊ မော်ရကို၊ ဘာရိန်း နိုင်ငံတွေကနေသံတမန် တွေ ပြန်လည်ရုပ်သိမ်းသွားပါတယ်။ တချိန်တည်းမှာပဲ အစ္စရေးကိုထောက်ခံအားပေးတဲ့ အမေရိကန်ရဲ့ စစ်တပ်တွေရှိရာ အီရတ်နဲ့ဆီးနီးယားကစခန်းတွေကို အီရန်ကျောထောက်နောက်ခံပေးထားတယ်လို့ ယုံကြည်ရတဲ့အဖွဲ့တွေက ဒရုန်းတွေ၊ ရော့ကက်တွေနဲ့ ပစ်ခတ်တိုက်ခဲ့ပါတယ်။

ဒါ့အပြင် ယီမင်နိုင်ငံမှာရှိတဲ့ အီရန်ထောက်ပံ့ပေးထားတဲ့ Houti လက်နက်ကိုင်အဖွဲ့တွေက မစ်ဇိုင်းတွေ၊ ဒရုန်းတွေနဲ့ ၁၉ ရက်နေ့က ပစ်ခတ်တိုက်ခဲ့တဲ့အတွက် ပင်လယ်နီဒေသထဲကိုရောက်ရှိနေတဲ့ အမေရိကန်စစ်သင်္ဘောတွေက ပစ်ချခဲ့ပါတယ်။ အစ္စရေးကိုရည်ရွယ်ပစ်ခတ်တယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် လက်ဘနွန်နယ်စပ်မှာလည်းပြန်အလှန်ပစ်ခတ်နေပြီး အီရန် ထောက်ပံ့ထားတဲ့ ဟစ်ဇဘိုလာအဖွဲ့က မစ်ဇိုင်းဒုံးတွေ၊ ရော့ကက်တွေနဲ့ အစ္စရေးကိုပစ်ခတ်ခဲ့ပါတယ်။ အခုလိုအခြေအနေ တွေကြောင့် ဒေသတွင်းစစ်ပွဲအဖြစ် ကျယ်ပြန့်သွားမှာ ကိုစိုးရိမ်နေကြပါတယ်။

အစ္စရေးက အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေတဲ့ ဂါဇာဒေသတွင်း လူပေါင်း ၂ သန်းကျော်ပိတ်မိနေပါတယ်။ တခုတည်းသောထွက်ပေါက်ဖြစ်တဲ့ အီဂျစ်ကလည်း ဒုက္ခသည်တွေကိုလက်မခံသလို ပါလက်စတိုင်းအရပ်သားတွေအတွက် အရေးပေါ်အကူအညီတွေဟာလည်း သောကြာနေ့အထိ နယ်စပ်မှာ စောင့်ဆိုင်းနေခဲ့ရပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရပ်စ်ကတော့အီဂျစ်နယ်စပ်အထိသွားရောက်ပြီး လမ်းဖွင့်ပေးဖို့မေတ္တာရပ်ခံခဲ့ပါတယ်။

“ ဒီကားတွေဟာ ကုန်တင်ယဉ်တွေသက်သက်မဟုတ်ပါဘူး၊ ဒါတွေဟာ လူတွေအသက်ဆက်နိုင်ဖို့ အတွက် လိုအပ်တဲ့အ သက်ကယ်ပစ္စည်းတွေပါ၊ ဂါဇာဒေသကလူပေါင်းများစွာအတွက် သေရေးရှင်ရေးတမျှအရေးပါတဲ့အရာတွေပါ။”

သောကြာနေ့က ပါလက်စတိုင်းထဲကိုဝင်မယ့်အစားအစာ၊ သောက်ရေနဲ့ဆေးဝါးတွေတင်ဆောင်ထားတဲ့ ကုန်တင်ကား အစင်းရေ ၂၀၀ ကျော်လောက် စောင့်နေခဲ့ပါတယ်။ အဲဒိထဲက တဝက်ကျော်လောက်က အီဂျစ်လခြမ်းနီအဖွဲ့ကဖြစ်ပြီး ကျန်တာက နိုင်ငံတကာကအကူအညီတွေဖြစ်ပါတယ်။

အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဂါဇာဒေထဲက ပါလက်စတိုင်း ၁ သန်းလောက်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အတော်များများဟာ ကုလသမဂ္ဂထောက်ပံ့ထားတဲ့နေရာတွေမှာခိုလှုံနေရကြောင်း ဒီတပတ် အာရှနိုင်ငံရေးအစီအစဉ်မှာတင်ပြလိုက်ရပါတယ်။

XS
SM
MD
LG