သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္တပ္ဖြဲ႔ေမာင္းထုတ္ေရး အီရတ္ပါလီမန္ ဆံုးျဖတ္


အီရတ္လႊတ္ေတာ္ အစည္းအေဝး က်င္းပေနမႈျမင္ကြင္း။ (ဇန္နဝါရီ ၅၊ ၂၀၂၀)

(Zawgyi / Unicode)

အီရတ္ႏုိင္ငံတြင္းက အေမရိကန္တပ္ဖြဲ႔၀င္ ၅၂၀၀ ကို ႏွင္ထုတ္ဖို႔ အီရတ္လႊတ္ေတာ္က အစိုးရကို တနဂၤေႏြေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။ အီရတ္ႏုိင္ငံ ၿမိဳ႕ေတာ္ ဘဂၢဒက္ေလဆိပ္မွာ အေမရိကန္တို႔က ေမာင္းသူမဲ့ ဒ႐ုန္းယာဥ္နဲ႔ တိုက္ခုိက္မႈေၾကာင့္ အီရန္ ထိပ္တန္းစစ္ဗိုလ္ခ်ဳပ္ႀကီးတဦး ေသဆံုးခဲ့ရတာကို ဆန္႔က်င္တဲ့အေနနဲ႔ အီရတ္လႊတ္ေတာ္က အခုလို ေတာင္းဆိုလိုက္တာ ျဖစ္ပါတယ္။ အီရတ္ေျမေပၚမွာ တပ္ခ်ေရး အေမရိကန္ ဦးေဆာင္တဲ့ ညြန္႔ေပါင္းတပ္ဖြဲ႔ေတြနဲ႔ ႏွစ္ဖက္ သေဘာတူညီခ်က္ကို အဆံုးသတ္ဖို႔ အီရတ္ အိမ္ေစာင့္အစိုးရကို ေတာင္းဆိုတဲ့ ဆံုးျဖတ္ခ်က္ကို ရွီယာႀကီးစိုးရာ အီရတ္လႊတ္ေတာ္က မဲခြဲဆံုးျဖတ္ခဲ့ပါတယ္။ အီရတ္ျပည္သူေတြက အေမရိကန္ေတြ ဆက္ၿပီး ရွိေနေစလိုတယ္လို႔ ယံုၾကည္တဲ့အေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo က Fox News ကို ေျပာဆိုထားပါတယ္။ အီဂ်စ္ႏုိင္ငံ ကိုင္႐ုိၿမိဳ႕ေတာ္ကေန ဗီြအိုေအသတင္းေထာက္ Edward Yeranian ရဲ႕ သတင္းေဆာင္းပါးကို မသိဂႌထုိက္ တင္ျပေပးထားပါတယ္။

အေမရိကန္ကို ဆန္႔က်င္႐ႈတ္ခ်ၿပီး က်ဆံုးသြားတဲ့ အီရန္စစ္တပ္ တပ္မွဴး Qassem Soleimani နဲ႔ အီရန္ကို ေထာက္ခံေၾကာင္း အီရတ္လႊတ္ေတာ္တြင္းက အမ်ားစု ရွီယာ လႊတ္ေတာ္အမတ္ေတြ ပါ၀င္တဲ့ ဒါဇင္နဲ႔ခ်ီတဲ့ လႊတ္ေတာ္အမတ္ေတြ တနဂၤေႏြေန႔က ေႂကြးေၾကာ္ခဲ့ၾကတာပါ။ ဒီေနာက္မွာေတာ့ အီရတ္ႏုိင္ငံတြင္း တပ္ခ်ေရး အေမရိကန္ ဦးေဆာင္တဲ့ ညြန္႔ေပါင္းတပ္ဖြဲ႔ေတြနဲ႔ သေဘာတူညီခ်က္ကို အီရတ္အစိုးရဘက္က အဆံုးသတ္ႏုိင္ေရး လုပ္ပိုင္ခြင့္ေပးတဲ့ ဆံုးျဖတ္ခ်က္တရပ္ကို အီရတ္လႊတ္ေတာ္မွာ မဲေပး ေထာက္ခံခဲ့ၾကပါတယ္။

အခု လႊတ္ေတာ္ရဲ႕ မဲခြဲဆံုးျဖတ္ခ်က္က မျဖစ္မေန လုိက္နာစရာေတာ့ မလိုအပ္ပါဘူး။ တနဂၤေႏြေန႔က မဲခြဲဆံုးျဖတ္မႈ မတိုင္ခင္မွာ အီရတ္ အိမ္ေစာင့္အစိုးရ ၀န္ႀကီးခ်ဳပ္ Adel Abdul Mehdi ကလည္း လႊတ္ေတာ္အမတ္ေတြကို မိန္႔ခြန္းေျပာခဲ့ပါတယ္။

“အီရတ္ရဲ႕ အခ်ဳပ္အျခာ အာဏာပိုင္မႈနဲ႔ လံုၿခံဳေရးကို ခ်ိဳးေဖာက္မႈေတြအေပၚ လုပ္ေဆာင္ရမယ့္ ကိစၥေတြကို အေသအခ်ာ ဆံုးျဖတ္ၾကဖို႔၊ ေနာက္ အီရတ္ရဲ႕ အမ်ိဳးသားအက်ိဳးစီးပြား ဒါမွမဟုတ္လည္း လံုၿခံဳေရးကို ထိခိုက္ေစမယ့္ ဆံုးျဖတ္ခ်က္ေတြ မျဖစ္ေစဖို႔ အေလးအနက္ ေဆာင္ရြက္ၾကပါ။”

အီရန္ဗိုလ္ခ်ဳပ္ႀကီး Soleimani နဲ႔ ရွီယာ ျပည္သူ႔စစ္တပ္မွဴး Abou Mehdi al Mohandes တို႔ ေသဆံုးခဲ့ရတဲ့ အေ၀းထိန္း ဒ႐ုန္းယာဥ္နဲ႔ တိုက္ခုိက္မႈ၊ ရွီယာ ျပည္သူ႔စစ္တပ္ဖြဲ႔၀င္ ၂၅ ဦး ေသဆံုးခဲ့ရတဲ့ Qaim က ျပည္သူ႔စစ္စခန္းတခုကို အေမရိကန္ ဦးေဆာင္တဲ့ ညြန္႔ေပါင္းအဖြဲ႔ရဲ႕ တိုက္ခုိက္မႈေတြက သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္မႈလို႔ အီရတ္ အိမ္ေစာင့္အစိုးရ ၀န္ႀကီးခ်ဳပ္က သံုးႏႈန္း ေျပာဆိုသြားပါတယ္။

အေမရိကန္ ဦးေဆာင္တဲ့ ညြန္႔ေပါင္းအဖြဲ႔နဲ႔ သေဘာတူညီခ်က္ကို ဖ်က္သိမ္းေရး အစိုးရကို လုပ္ပိုင္ခြင့္ေပးတဲ့ အခ်က္ ၅ ခ်က္ပါ အစီအစဥ္ကို လႊတ္ေတာ္အမတ္ ၃၂၉ ဦးထဲကေန အထူးအစည္းအေ၀းကို တက္ေရာက္ၾကတဲ့ လႊတ္ေတာ္အမတ္ ၁၇၃ ဦးတို႔က အတည္ျပဳခဲ့ၾကတာပါ။ ဒါေပမယ့္ ကာ့ဒ္ေတြနဲ႔ ဆြန္နီ လႊတ္ေတာ္အမတ္ေတြကေတာ့ လႊတ္ေတာ္မတက္ခဲ့ၾကပါဘူး။ အီရတ္စစ္တပ္ တပ္ဖြဲ႔ေတြကို ေလ႔က်င့္ သင္တန္းေပးေရးကိုေတာ့ ညြန္႔ေပါင္းအဖြဲ႔က တရား၀င္ ရပ္ဆိုင္းထားပါၿပီ။ ဒါေပမယ့္လည္း သူတို႔ရွိေနတဲ့ အေျခစိုက္စခန္းေတြကိုေတာ့ ကာကြယ္ထားဆဲ ျဖစ္ပါတယ္။

အခ်ိန္အကန္႔အသတ္တခု မေပးဘဲ ဒီသေဘာတူညီခ်က္ကို ဖ်က္သိမ္းလို႔ မရႏုိင္ဘူး ဆိုတာကိုလည္း အီရတ္ လႊတ္ေတာ္ဥကၠ႒ Mohammed al Halbousi က အသိအမွတ္ျပဳ ေျပာပါတယ္။

“အီရတ္ႏုိင္ငံတြင္းက ညြန္႔ေပါင္းတပ္ဖြဲ႔ေတြရဲ႕ လုပ္ငန္းစဥ္ေတြ အဆံုးသတ္ေရး ဘယ္လိုဆံုးျဖတ္ခ်က္ေတြမဆို သက္ေရာက္ က်င့္သံုးႏုိင္ေရးအတြက္ တႏွစ္တာ အခ်ိန္ေပးရမယ္ဆိုၿပီး အေမရိကန္နဲ႔ အီရတ္ၾကား သေဘာတူထားပါတယ္။”

ညြန္႔ေပါင္းအဖြဲ႔ေတြနဲ႔ အီရတ္ရဲ႕ သေဘာတူညီခ်က္ေတြကို အဆံုးသတ္ ဖ်က္သိမ္းဖို႔ အီရတ္ အိမ္ေစာင့္အစိုးရ ၀န္ႀကီးခ်ဳပ္ Abdul Mehdi မွာ လုပ္ပိုင္ခြင့္အာဏာ ရွိသလား ဆိုတာကလည္း ရွင္းရွင္းလင္းလင္း မရွိပါဘူး။ ဆီးရီးယားနယ္စပ္အနီး အီရတ္ႏုိင္ငံတြင္းက ရွီယာစစ္စခန္းတခုကို အေမရိကန္တို႔ တိုက္ခိုက္မႈ၊ Soleimani နဲ႔ ရွီယာ ျပည္သူ႔စစ္တပ္မွဴး Mohandes တို႔ကို သတ္ျဖတ္မႈေတြကို ဆန္႔က်င္ကန္႔ကြက္ေၾကာင္း အီရတ္ ႏုိင္ငံျခားေရး၀န္ႀကီး Mohammed Ali Hakim က ကုလသမဂၢ လံုၿခံဳေရးေကာင္စီ ဥကၠ႒နဲ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္တို႔ထံကိုလည္း တိုင္ၾကားစာ ေပးပို႔ထားပါတယ္။

အေမရိကန္တပ္ဖြဲ႔ေတြ အီရတ္ကေန ႏွင္ထုတ္မယ္ဆိုတဲ့ အေပၚမွာေတာ့ အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo က မယံုၾကည္တဲ့ သေဘာထားမ်ိဳးနဲ႔ Fox News ႐ုပ္သံမွာ ေျပာဆိုသြားပါတယ္။ အီရတ္ျပည္သူေတြက အေမရိကန္တပ္ဖြဲ႔ေတြ ဆက္လက္ရွိေနေစခ်င္မယ္လုိ႔ ယံုၾကည္တဲ့အေၾကာင္း ႏုိင္ငံျခားေရး၀န္ႀကီး Pompeo က ေျပာဆိုသြားတာပါ။ အစၥလာမၼစ္ အစြန္းေရာက္ အၾကမ္းဖက္၀ါဒီေတြကို ကူညီတိုက္ခုိက္ေရးအတြက္ အေမရိကန္ တပ္ဖြဲ႔ေတြကို ျပန္လည္ခ်ထားေရး လြန္ခဲ့တဲ့ ၄ ႏွစ္က အီရတ္နဲ႔ အေမရိကန္တို႔ သေဘာတူညီခဲ့ၾကတာပါ။

အီရန္ ထိပ္တန္းစစ္ဗိုလ္ခ်ဳပ္ႀကီး Qasem Soleimani ေသဆံုးခဲ့တဲ့ အေမရိကန္ရဲ႕ ေမာင္းသူမဲ့ ဒ႐ုန္းယာဥ္နဲ႔ တိုက္ခုိက္မႈ အေပၚမွာလည္း အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo က တနဂၤေႏြေန႔မွာ အခုိင္အမာ ခုခံ ေျပာဆိုပါတယ္။ ဒါေပမယ့္လည္း Qasem Soleimani ဟာ အေရွ႕အလယ္ပိုင္းက အေမရိကန္တပ္ဖြဲ႔ေတြနဲ႔ တာ၀န္ရွိသူေတြအတြက္ အေရးေပၚ ၿခိမ္းေျခာက္မႈ အႏၱရာယ္ဆိုတာကို ေပၚလြင္ေစမယ့္ အေထာက္အထားေတြ ျပဖို႔ကိုေတာ့ ႏုိင္ငံျခားေရး၀န္ႀကီးက ျငင္းပါတယ္။

အေမရိကန္ ျပည္သူေတြ၊ ပိုင္ဆိုင္မႈေတြကို အီရန္ဘက္က တိုက္ခုိက္လာရင္ေတာ့ ျမန္ျမန္ဆန္ဆန္နဲ႔ ျပင္းျပင္းထန္ထန္ တိုက္ခုိက္ဖို႔အတြက္ အီရန္ပစ္မွတ္ ၅၂ ခုကို သတ္မွတ္ထားတယ္လို႔ အေမရိကန္သမၼတ Donald Trump က စေနေန႔မွာ တြစ္တာ လူမႈကြန္ရက္ကေန ေျပာဆိုထားပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔က အီရတ္ႏုိင္ငံတြင္း အေမရိကန္ရဲ႕ ေမာင္းသူမဲ့ ဒ႐ုန္းယာဥ္နဲ႔ တိုက္ခုိက္မႈ အေၾကာင္းကို အေမရိကန္သမၼတ အိမ္ျဖဴေတာ္က လႊတ္ေတာ္ကို တရား၀င္ အေၾကာင္းၾကားခဲ့ေၾကာင္း လြႊတ္ေတာ္ အႀကီးတန္း၀န္ထမ္း ႏွစ္ဦးက ႐ုိက္တာသတင္းေအဂ်င္စီကို အတည္ျပဳ ေျပာဆိုပါတယ္။ အေမရိကန္ရဲ႕ War Powers အက္ဥပေဒအရ စစ္ပြဲ ျဖစ္သြားႏုိင္ေျခရွိတဲ့ လက္နက္ကိုင္ ပဋိပကၡမွာ အေမရိကန္ တပ္ဖြဲ႔ေတြရဲ႕ ေဆာင္ရြက္ခ်က္ေတြကို ၄၈ နာရီအတြင္း မျဖစ္မေန အေၾကာင္းၾကားရတာ ျဖစ္ပါတယ္။

---------------------------------------

(Unicode)

ကန်တပ်ဖွဲ့မောင်းထုတ်ရေး အီရတ်ပါလီမန် ဆုံးဖြတ်

အီရတ်နိုင်ငံတွင်းက အမေရိကန်တပ်ဖွဲ့ဝင် ၅၂၀၀ ကို နှင်ထုတ်ဖို့ အီရတ်လွှတ်တော်က အစိုးရကို တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။ အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်လေဆိပ်မှာ အမေရိကန်တို့က မောင်းသူမဲ့ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် အီရန် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတဦး သေဆုံးခဲ့ရတာကို ဆန့်ကျင်တဲ့အနေနဲ့ အီရတ်လွှတ်တော်က အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အီရတ်မြေပေါ်မှာ တပ်ချရေး အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက် သဘောတူညီချက်ကို အဆုံးသတ်ဖို့ အီရတ် အိမ်စောင့်အစိုးရကို တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ရှီယာကြီးစိုးရာ အီရတ်လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ အီရတ်ပြည်သူတွေက အမေရိကန်တွေ ဆက်ပြီး ရှိနေစေလိုတယ်လို့ ယုံကြည်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က Fox News ကို ပြောဆိုထားပါတယ်။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ကနေ ဗွီအိုအေသတင်းထောက် Edward Yeranian ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

အမေရိကန်ကို ဆန့်ကျင်ရှုတ်ချပြီး ကျဆုံးသွားတဲ့ အီရန်စစ်တပ် တပ်မှူး Qassem Soleimani နဲ့ အီရန်ကို ထောက်ခံကြောင်း အီရတ်လွှတ်တော်တွင်းက အများစု ရှီယာ လွှတ်တော်အမတ်တွေ ပါဝင်တဲ့ ဒါဇင်နဲ့ချီတဲ့ လွှတ်တော်အမတ်တွေ တနင်္ဂနွေနေ့က ကြွေးကြော်ခဲ့ကြတာပါ။ ဒီနောက်မှာတော့ အီရတ်နိုင်ငံတွင်း တပ်ချရေး အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေနဲ့ သဘောတူညီချက်ကို အီရတ်အစိုးရဘက်က အဆုံးသတ်နိုင်ရေး လုပ်ပိုင်ခွင့်ပေးတဲ့ ဆုံးဖြတ်ချက်တရပ်ကို အီရတ်လွှတ်တော်မှာ မဲပေး ထောက်ခံခဲ့ကြပါတယ်။

အခု လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်ချက်က မဖြစ်မနေ လိုက်နာစရာတော့ မလိုအပ်ပါဘူး။ တနင်္ဂနွေနေ့က မဲခွဲဆုံးဖြတ်မှု မတိုင်ခင်မှာ အီရတ် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် Adel Abdul Mehdi ကလည်း လွှတ်တော်အမတ်တွေကို မိန့်ခွန်းပြောခဲ့ပါတယ်။

“အီရတ်ရဲ့ အချုပ်အခြာ အာဏာပိုင်မှုနဲ့ လုံခြုံရေးကို ချိုးဖောက်မှုတွေအပေါ် လုပ်ဆောင်ရမယ့် ကိစ္စတွေကို အသေအချာ ဆုံးဖြတ်ကြဖို့၊ နောက် အီရတ်ရဲ့ အမျိုးသားအကျိုးစီးပွား ဒါမှမဟုတ်လည်း လုံခြုံရေးကို ထိခိုက်စေမယ့် ဆုံးဖြတ်ချက်တွေ မဖြစ်စေဖို့ အလေးအနက် ဆောင်ရွက်ကြပါ။”

အီရန်ဗိုလ်ချုပ်ကြီး Soleimani နဲ့ ရှီယာ ပြည်သူ့စစ်တပ်မှူး Abou Mehdi al Mohandes တို့ သေဆုံးခဲ့ရတဲ့ အဝေးထိန်း ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှု၊ ရှီယာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးခဲ့ရတဲ့ Qaim က ပြည်သူ့စစ်စခန်းတခုကို အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေက သဘောတူညီချက်ကို ချိုးဖောက်မှုလို့ အီရတ် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်က သုံးနှုန်း ပြောဆိုသွားပါတယ်။

အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့နဲ့ သဘောတူညီချက်ကို ဖျက်သိမ်းရေး အစိုးရကို လုပ်ပိုင်ခွင့်ပေးတဲ့ အချက် ၅ ချက်ပါ အစီအစဉ်ကို လွှတ်တော်အမတ် ၃၂၉ ဦးထဲကနေ အထူးအစည်းအဝေးကို တက်ရောက်ကြတဲ့ လွှတ်တော်အမတ်၁၇၃ ဦးတို့က အတည်ပြုခဲ့ကြတာပါ။ ဒါပေမယ့် ကာ့ဒ်တွေနဲ့ ဆွန်နီ လွှတ်တော်အမတ်တွေကတော့ လွှတ်တော်မတက်ခဲ့ကြပါဘူး။ အီရတ်စစ်တပ် တပ်ဖွဲ့တွေကို လေ့ကျင့် သင်တန်းပေးရေးကိုတော့ ညွန့်ပေါင်းအဖွဲ့က တရားဝင် ရပ်ဆိုင်းထားပါပြီ။ ဒါပေမယ့်လည်း သူတို့ရှိနေတဲ့ အခြေစိုက်စခန်းတွေကိုတော့ ကာကွယ်ထားဆဲ ဖြစ်ပါတယ်။

အချိန်အကန့်အသတ်တခု မပေးဘဲ ဒီသဘောတူညီချက်ကို ဖျက်သိမ်းလို့ မရနိုင်ဘူး ဆိုတာကိုလည်း အီရတ် လွှတ်တော်ဥက္ကဋ္ဌ Mohammed al Halbousi က အသိအမှတ်ပြု ပြောပါတယ်။

“အီရတ်နိုင်ငံတွင်းက ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လုပ်ငန်းစဉ်တွေ အဆုံးသတ်ရေး ဘယ်လိုဆုံးဖြတ်ချက်တွေမဆို သက်ရောက် ကျင့်သုံးနိုင်ရေးအတွက် တနှစ်တာ အချိန်ပေးရမယ်ဆိုပြီး အမေရိကန်နဲ့ အီရတ်ကြား သဘောတူထားပါတယ်။”

ညွန့်ပေါင်းအဖွဲ့တွေနဲ့ အီရတ်ရဲ့ သဘောတူညီချက်တွေကို အဆုံးသတ် ဖျက်သိမ်းဖို့ အီရတ် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် Abdul Mehdi မှာ လုပ်ပိုင်ခွင့်အာဏာ ရှိသလား ဆိုတာကလည်း ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ဆီးရီးယားနယ်စပ်အနီး အီရတ်နိုင်ငံတွင်းက ရှီယာစစ်စခန်းတခုကို အမေရိကန်တို့ တိုက်ခိုက်မှု၊ Soleimani နဲ့ ရှီယာ ပြည်သူ့စစ်တပ်မှူး Mohandes တို့ကို သတ်ဖြတ်မှုတွေကို ဆန့်ကျင်ကန့်ကွက်ကြောင်း အီရတ် နိုင်ငံခြားရေးဝန်ကြီး Mohammed Ali Hakim က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့ထံကိုလည်း တိုင်ကြားစာ ပေးပို့ထားပါတယ်။

အမေရိကန်တပ်ဖွဲ့တွေ အီရတ်ကနေ နှင်ထုတ်မယ်ဆိုတဲ့ အပေါ်မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က မယုံကြည်တဲ့ သဘောထားမျိုးနဲ့ Fox News ရုပ်သံမှာ ပြောဆိုသွားပါတယ်။ အီရတ်ပြည်သူတွေက အမေရိကန်တပ်ဖွဲ့တွေ ဆက်လက်ရှိနေစေချင်မယ်လို့ ယုံကြည်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Pompeo က ပြောဆိုသွားတာပါ။ အစ္စလာမ္မစ် အစွန်းရောက် အကြမ်းဖက်ဝါဒီတွေကို ကူညီတိုက်ခိုက်ရေးအတွက် အမေရိကန် တပ်ဖွဲ့တွေကို ပြန်လည်ချထားရေး လွန်ခဲ့တဲ့ ၄ နှစ်က အီရတ်နဲ့ အမေရိကန်တို့ သဘောတူညီခဲ့ကြတာပါ။

အီရန် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး Qasem Soleimani သေဆုံးခဲ့တဲ့ အမေရိကန်ရဲ့ မောင်းသူမဲ့ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှု အပေါ်မှာလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တနင်္ဂနွေနေ့မှာ အခိုင်အမာ ခုခံ ပြောဆိုပါတယ်။ ဒါပေမယ့်လည်း Qasem Soleimani ဟာ အရှေ့အလယ်ပိုင်းက အမေရိကန်တပ်ဖွဲ့တွေနဲ့ တာဝန်ရှိသူတွေအတွက် အရေးပေါ် ခြိမ်းခြောက်မှု အန္တရာယ်ဆိုတာကို ပေါ်လွင်စေမယ့် အထောက်အထားတွေ ပြဖို့ကိုတော့ နိုင်ငံခြားရေးဝန်ကြီးက ငြင်းပါတယ်။

အမေရိကန် ပြည်သူတွေ၊ ပိုင်ဆိုင်မှုတွေကို အီရန်ဘက်က တိုက်ခိုက်လာရင်တော့ မြန်မြန်ဆန်ဆန်နဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့အတွက် အီရန်ပစ်မှတ် ၅၂ ခုကို သတ်မှတ်ထားတယ်လို့ အမေရိကန်သမ္မတ Donald Trump က စနေနေ့မှာ တွစ်တာ လူမှုကွန်ရက်ကနေ ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က အီရတ်နိုင်ငံတွင်း အမေရိကန်ရဲ့ မောင်းသူမဲ့ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှု အကြောင်းကို အမေရိကန်သမ္မတ အိမ်ဖြူတော်က လွှတ်တော်ကို တရားဝင် အကြောင်းကြားခဲ့ကြောင်း လွှတ်တော် အကြီးတန်းဝန်ထမ်း နှစ်ဦးက ရိုက်တာသတင်းအေဂျင်စီကို အတည်ပြု ပြောဆိုပါတယ်။ အမေရိကန်ရဲ့ War Powers အက်ဥပဒေအရ စစ်ပွဲ ဖြစ်သွားနိုင်ခြေရှိတဲ့ လက်နက်ကိုင် ပဋိပက္ခမှာ အမေရိကန် တပ်ဖွဲ့တွေရဲ့ ဆောင်ရွက်ချက်တွေကို ၄၈ နာရီအတွင်း မဖြစ်မနေ အကြောင်းကြားရတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG