သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယားလက်နက်အစီအစဉ် ဆက်လုပ်နေသလား


မြောက်ကိုရီးယားနိုင်ငံဟာ ကုလသမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို မလိုက်နာဘဲ နျူကလီးယား လက်နက် ထုတ်လုပ်ရေး အစီအစဉ်ကို ဆက်လက် လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဒီ အစီရင်ခံစာဟာ မြောက်ကိုရီးယား နိုင်ငံက မကြာသေးခင်က ဒုံးကျည် ပစ်ခတ် စမ်းသပ်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြီးတဲ့နောက် ထုတ်ပြန်တဲ့ အစီရင်ခံစာပါ။ မြောက်ကိုရီးယား အစိုးရဟာ ပြီးခဲ့တဲ့ နှစ်က Punggye-ri အဏုမြူ ဗုံး စမ်းသပ် စခန်းကို ဖျက်သိမ်း ပိတ်ပစ်မယ်လို့ ပြောသလို တာဝေးပစ် ဒုံးကျည်တွေနဲ့ နျူကလီးယား စမ်းသပ်မှုတွေကို တရားဝင် ဆိုင်းငံ့ထားမယ်လို့ ကြေညာထားခဲ့ပါတယ်။

ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အဖွဲ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာတော့ မြောက်ကိုရီးယား နိုင်ငံဟာ နျူးကလီးယား စမ်းသပ်မှုကို ရပ်ဆိုင်းပြီး Punggye-ri စမ်းသပ်စခန်းကို ပိတ်ပစ်ခဲ့ပေမဲ့ နျူးကလီးယား လက်နက် အစီအစဉ်ကိုတော့ ဆက်လက် လုပ်ဆောင်နေတယ်လို့ ပါရှိခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုတွေကို အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကတော့ အရေး မကြီး သယောင် ပြောဆိုထားပါတယ်။ သမ္မတ ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို အခြေခံတဲ့ သံခင်းတစ်မန်ခင်းကို ကျင့်သုံးပြီး မြောက်ကိုရီးယားနိုင်ငံ နျူကလီးယား လက်နက် အစီအစဉ် စွန့်လွှတ်ဖို့ ကြိုးစားခဲ့ရာမှာ အောင်မြင်မှု မရရှိခဲ့ပါဘူး။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ဒုတိယအကြိမ် ထရမ့်နဲ့ ကမ်တို့ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပတုန်းက မအောင်မမြင် ဖြစ်ခဲ့ရတဲ့ အချက်တစ်ချက်က Yongbyon နျူကလီးယား အဆောင်အအုံ အနာဂတ်ရေး ဖြစ်ပြီး သဘောတူညီမှု မရရှိခဲ့ပါဘူူး။ ကုလသမဂ္ဂ အစီရင်ခံစာမှာတော့ ကုလ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံရဲ့ အကဲဖြတ်လေ့လာချက်အရ Yongbyon ယူရေနီယံ သန့်စင်ရေး စက်ရုံဟာ ဖေဖော်ဝါရီလနဲ့ သြဂုတ်အကြား ဆက်လက် လည်ပတ် လုပ်ကိုင်နေတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG