သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီရီးယားရှိ ဟက်ဇ်ဘိုလာဌာနခွဲ အစ္စရေးလေကြောင်းတိုက်ခိုက်


ဆီးရီးယားနိုင်ငံ Damascus မြို့တော်မှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုအပြီးမြင်ကွင်း (အောက်တိုဘာ ၉၊ ၂၀၂၄)
ဆီးရီးယားနိုင်ငံ Damascus မြို့တော်မှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုအပြီးမြင်ကွင်း (အောက်တိုဘာ ၉၊ ၂၀၂၄)

ဆီးရီးယားနိုင်ငံ Damascus မြို့တော်မှာရှိတဲ့ ဟက်ဇ်ဘိုလာ ဆီးရီးယားဌာနခွဲ ရဲ့ ထောက်လှမ်းရေးဌာနချုပ်ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဆီးရီးယားမှာ အခုလို တိုက်ခိုက်တာတွေကို အစ္စရေး အာဏာပိုင်တွေက အရင်က ထုတ်ဖော် ပြောလေ့ သိပ်မရှိပါဘူး။

လွန်ခဲ့တဲ့ ၁ လကျော်လောက် ကစပြီး အိမ်နီးချင်း လက်ဘနွန်မှာရှိတဲ့ ဟက်ဇ်ဘိုလာတွေကို အစ္စရေးက စစ်ဆင်ခဲ့ပြီးတဲ့နောက် ဆီးရီးယားက ပစ်မှတ်တွေကိုလည်း ပိုပြီး အရှိန်မြှင့် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။ တနင်္လာနေ့က အစ္စရေးစစ်တပ် ကြေညာချက်ထဲမှာတော့ − ဆီးရီးယားမှာရှိတဲ့ ဟက်ဇ်ဘိုလာ ထောက်လှမ်းရေး ဌာနချုပ်ကို အစ္စရေး စစ်လေယာဥ်တွေက လေကြောင်းကနေ ထိုးစစ်ဆင်ခဲ့ပြီး ဟက်ဇ်ဘိုလာ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်တွေကို ချေမှုန်းခဲ့ကြောင်း ဖော်ပြပါတယ်။

ဒီထောက်လှမ်းရေးဌာနမှာ သီးခြားလွတ်လပ်တဲ့ ထောက်လှမ်းရေး အချက်အလက်တွေ စုဆောင်းတာ၊ ပူးပေါင်း ဆောင်ရွက်တာ၊ ကွန်ရက်လှုပ်ရှားမှုတွေကို လေ့လာသုံးသပ်တာ အပါအဝင် လှုပ်ရှားမှုတွေ ရှိနေပြီး အခုလို တိုက်ခိုက်တာဟာ ဟက်ဇ်ဘိုလာအဖွဲ့ရဲ့ ထောက်လှမ်းရေး စွမ်းဆောင်ရည်တွေကို အားနည်သွားအောင် လုပ်တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့် လေ့လာအဖွဲ့ ကတော့ အစ္စရေးရဲ့ ဒီတိုက်ခိုက်မှုအတွင်း Damacus တောင်ပိုင်းမှာ ဟက်ဇ်ဘိုလာ အဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း ပြောပါတယ်။ ဟက်ဇ်ဘိုလာနဲ့ အီရန် တော်လှန်ရေး ပြည်စောင့်တပ်ဖွဲ့ဝင်တွေ အသုံးပြုနေတဲ့ နေအိမ်တလုံးကို ထိမှန်ခဲ့တာဖြစ်ကြောင်းလည်း ဒီအဖွဲ့က ပြောပါတယ်။

ဆီးရီးယား နိုင်ငံခြားရေးဌာနကတော့ ဒီတိုက်ခိုက်မှုဟာ Damacus မြို့တောင်ဘက် အရပ်သား ပြည်သူတွေ နေထိုင်နေတဲ့ နေရာတွေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက် ပျက်စီးမှုတွေ ကြီးကြီးမားမား ရှိခဲ့ကြောင်းနဲ့ ဒီတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ပြောပါတယ်။ ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့ မပြောပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG