သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအကူအညီပေးရေး ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက် မဲခွဲဖို့ရွေ့ဆိုင်း


ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး။

ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ တိုးမြှင့်ပေးပို့ရေး လွယ်ကူချောမွေ့စေဖို့ ကြိုးပမ်းတဲ့ ဆုံးဖြတ်ချက်တရပ်အပေါ် အမေရိကန် ပြည်ထောင်စုရဲ့ ထောက်ခံချက်ရနိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ဖို့ ဗုဒ္ဓဟူးနေ့မှာ စီစဥ်ထားပေမယ့် ရွှေ့ဆိုင်းလိုက်ရပါတယ်။

တနင်္လာနေ့ကတည်းက မဲခွဲဖို့ မူလက စီစဉ်ထားပေမယ့် ဗီအိုအာဏာရှိတဲ့ အမြဲတမ်းအဖွဲ့ဝင် အမေရိကန် လက်ခံလာနိုင်ဖို့ ကုလသမဂ္ဂမှာ သံတမန်တွေကြား အပေးအယူတွေလုပ်နေရလို့ မဲခွဲမှုကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတာပါ။ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) က ၁၅ နိုင်ငံပါတဲ့ လုံခြုံရေးကောင်စီအတွင်း အာရပ်ကိုယ်စားလှယ်အနေနဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ရေးဆွဲခဲ့ပြီး ညှိနှိုင်းမှုတွေကို ဦးဆောင်နေပါတယ်။ ဂါဇာကမ်းမြောင်တလျှောက် ပါလက်စတိုင်းအရပ်သားလူထုဆီ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဘေးကင်းပြီး အဟန့်အတားမရှိ ချက်ချင်း တိုက်ရိုက်ပေးပို့နိုင်ဖို့ ဆုံးဖြတ်ချက်မူကြမ်းမှာ တောင်းဆိုထားပါတယ်။

ဒါ့အပြင် အဲဒီလို အကူအညီတွေ ဘေးကင်းကင်းနဲ့ အတားအဆီးမဲ့ ဝင်ရောက်နိုင်ဖို့ " ရေရှည် တည်တံ့မယ့် ရန်လိုမှုတွေ ရပ်စဲရေး" လုပ်နိုင်ဖို့ အရေးတကြီးခြေလှမ်းအဖြစ် "ရန်လိုတိုက်ခိုက်မှုတွေကို အရေးပေါ်ရပ်ဆိုင်းရေး" တောင်းဆိုထားပါတယ်။

ဒီနောက်ဆုံးအပိုင်းက အမေရိကန်တွေအတွက် အဓိက အတားအဆီးဖြစ်နေတယ်လို့ သံတမန်တွေက ပြောပါတယ်။ မူကြမ်းပါ စာသားကို လက်ခံကျင့်သုံးခဲ့ရင် ဂါဇာကမ်းမြောင်မှာ အကူအညီပေးရေးလုပ်ငန်းစဥ်တွေကို စစ်ဆေးအတည်ပြုဖို့ ကုလသမဂ္ဂ စောင့်ကြည့်ရေးယန္တရားကိုလည်း ခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။ တဘက်မှာလည်း အစ္စရေးရဲ့ ဟားမတ်စ်အပေါ် လက်တုံ့ပြန် တိုက်ခိုက်မှုတွေအတွင်း ဂါဇာက လူဦးရေတဝက်လောက်ဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ခံနေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပြောထားပါတယ်။

တပြိုင်တည်းမှာ ဂါဇာမှာ ၇၅ ရက်မြောက်အဖြစ် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပစ်မှတ် ၃၀၀ ကျော်ကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ အစ္စရေးရဲ့ တန်ပြန်စစ်ဆင်ရေးတွေအတွင်း ဂါဇာမှာ လူပေါင်း ၂၀,၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း၊ ဟားမတ်စ်အဖွဲ့ လက်အောက်ခံ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အစ္စရေးဘက်ကတော့ မြေပြင်ထိုးစစ်တွေအတွင်း စစ်သား ၁၃၂ ဦး ကျဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG