ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထဲမှာပါဝင်တဲ့အချက်တွေကို အစ္စရေး လုံခြုံရေးဆိုင်ရာ ဝန်ကြီးအဖွဲ့က သဘောတူလိုက်ပါပြီ။
ဂါဇာကမ်းမြောင်ဒေသမှာ ဖမ်းဆီးခံထားရတဲ့ အစ္စရေးဓားစာခံတွေပြန်လွတ်လာရေးအပါအဝင် အပစ်ရပ်ရေးသဘောတူညီချက်တွေကို လက်ခံသင့်တယ်လို့ လုံခြုံရေးဆိုင်ရာဝန်ကြီးအဖွဲ့က အစ္စရေး အစိုးရကို အကြံပြုလိုက်ပြီလို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ တကယ်လို့ အစ္စရေးအစိုးရ အစည်းအဝေးမှာ သဘောတူညီမှုကို အတည်ပြုနိုင်မယ်ဆိုရင် ဖမ်းဆီးခံထားရသူတွေ တနင်္ဂနွေနေ့မှာ အစောဆုံးပြန်လွတ်လာနိုင်တယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဒီနေ့ အစောပိုင်းက ပြောကြားခဲ့ပါတယ်။
မနေ့ ကြာသပတေးနေ့တုန်းကတော့ Hamas အဖွဲ့ဘက်က သဘောတူညီချက်မှာ သူတို့လိုချင်တာတွေ ထပ်ထည့်နိုင်အောင် နောက်ဆုံးအချိန်အထိ အကျပ်ကိုင်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ်က စွပ်စွဲခဲ့ ပါတယ်။ လက်ယာစွန်းရောက် အစ္စရေးလုံခြုံရေးဝန်ကြီးကလည်း ဒီသဘောတူညီချက်ကို အတည်ပြုပေးရင် အစိုးရအဖွဲ့ထဲက နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် သဘောတူညီချက် ပျက်တော့မလားဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
တကယ်လို့ အဆင့်သုံးဆင့်ပါတဲ သဘောတူညီချက် အတည်ဖြစ်သွားရင်တော့ ဒီသဘောတူညီချက်ဟာ ဇန်နဝါရီ ၁၉ ရက်၊ တနင်္ဂနွေနေ့မှာ စတင် အသက်ဝင်မှာဖြစ်ပါတယ်။
ပထမအဆင့် သဘောတူညီချက်အရ ၄၂ ရက်ကြာ အပစ်ရပ်ထားရမှာဖြစ်ပြီး Hamas အဖွဲ့ဘက်က အမျိုးသမီးနဲ့ ကလေးငယ်နဲ့ အသက် ၅၀ ကျော်တွေအပါအဝင် အစ္စရေး ဓားစာခံ ၃၃ ယောက်ကို ပြန်လွှတ်ပေးမယ်လို့ သဘောတူထားပါတယ်။ အစ္စရေးအမျိုးသမီးစစ်သည်ယောက်ကို Hamas ဘက်က ပြန်လွှတ်ပေးတိုင်း ပါလက်စတိုင်းအကျဉ်းသား ၅၀ ကို အစ္စရေးဘက်က ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။
Forum