အစ္စရေးမြို့တော် Tel Aviv ကို ပဲ့ထိန်းမစ်ဇိုင်းဒုံးတစင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ယီမင်အခြေစိုက် ဟူသီသူပုန်တွေက ထုတ်ဖေါ်ပြောဆိုပါတယ်။
Tel Aviv မှာ လေကြောင်းရန်အချက်ပေးဥသြသံတွေထွက်ပေါ်ခဲ့ပေမယ့် ထိခိုက်ပျက်စီးခြင်းတော့ မရှိပါဘူး။ အစ္စရေး စစ်ဘက်ကတော့ ဒီမစ်ဇိုင်းဒုံးကို အစ္စရေးနယ်ထဲကိုမဝင်ခင်ကတည်းက ကြားဖြတ် ပစ်ချခဲ့တယ်လို့ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ ၂ ရက်အတွင်းဒုတိယအကြိမ်ဖြစ်ပါတယ်။
အစ္စရေးကလည်းလက်တုံ့ပြန်တဲ့အနေနဲ့ ဟူသီသူပုန်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေအတွင်း ပစ်မှတ်တွေကိုလေကြာင်းကနေတိုက်ခိုက်ပါတယ်။ ဂါဇာက ပါလက်စတိုင်းတွေကိုထောက်ခံတဲ့အနေနဲ့ ဟူသီသူပုန်တွေက အစ္စရေးကို အခုလို မစ်ဇိုင်းတွေနဲ့ပစ်ခတ်သလို ပင်လယ်နီအတွင်းသွားလာတဲ့ ကုန်သင်္ဘောတွေကိုလည်း ဟန့်တားနှောင့်ယှက်ပါတယ်။
အစ္စရေးတပ်တွေ ဂါဇာမှာထိုးစစ်ဆင်တိုက်စဉ် ပြီးခဲ့တဲ့သြဂုတ်လအတွင်း ဟာမတ်စ်တွေဖမ်းထားတဲ့ ဓါးစာခံတွေထဲက ၆ ဦးသေဆုံးတာကိုတွေ့ခဲ့ရတယ်လို့ အစ္စရေးက မနေ့ အင်္ဂါနေ့မှာထုတ်ပြန်ပါတယ်။ အဲဒီသေဆုံးသူတွေထဲမှာ အစ္စရေးနွယ်ဖွား အမေရိကန်နိုင်ငံသား Hersh Goldberg လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်အောက်တိုဘာ ၇ ရက်က အစ္စရေးကိုဟာမတ်စ်တွေဝင်ရောက်တိုက်ခိုက်စဉ် လူ ၂၅၀ လောက်ကို ဓါးစာခံအဖြစ် ဟာမတ်စ်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း အစ္စရေး ၁,၂၀၀ လောက်သေဆုံးခဲ့ပါတယ်။ အစ္စရေးရဲ့ တနှစ်ကျော်ကြာ ဟာမတ်စ်တွေအပေါ် လက်တုံ့ပြန်ထိုးစစ်ကြောင့် ဂါဇာဒေသတွင်း ပါလက်စတိုင်း လေးသောင်း၊ ငါးထောင့်သုံးရာ (၄၅,၃၀၀) ကျော်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
Forum