အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေရှိနေတဲ့ ယီမင်နိုင်ငံဘက်က တနင်္လာနေ့က ပစ်ခတ်လိုက်တဲ့ဒုံးကျည်တစင်းကို အစ္စရေးက ကြားဖြတ်ပစ်ချနိုင်ခဲ့ပါတယ်။ ဂျေရုဆလင်မြို့နား ပျက်ကျခဲ့တဲ့ဒုံးကျည်ကြောင့်မီးလောင်ခဲ့ပါတယ်။ ဟူသီသူပုန်တွေကတော့ အစ္စရေးနိုင်ငံအလယ်ပိုင်း ကို တိုက်ခိုက်နိုင်ခဲ့ကြောင်းပြောခဲ့ပါတယ်။ Jaffa အရှေ့တောင်ဘက် Nahal Sorek စစ်အခြေစိုက်စခန်း ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်မှတ်ကိုထိမှန်မီးလောင်ခဲ့တယ်လို့ ဟူသီတွေကပြောပါတယ်။
တချိန်တည်းမှာပဲ ဟူသီသတင်းဌာန ရုပ်မြင်သံကြားကလည်း ယီမင်မှာရှိတဲ့ Amran နဲ့ Saada က အုပ်ချုပ်ရေးမှူးရုံးတွေကိုပစ်မှတ်ထားပြီး အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့တွေက လေကြောင်းက တိုက်ခိုက်တယ်လို့ ဖော်ပြပါတယ်။ အစ္စရေးစစ်တပ်ကတော့ ယီမင်ဘက်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစင်းကို ဂျေရုဆလင်မြို့အနောက်ဘက် Bet Shemesh ဒေသမှာ ကြားဖြတ်ပစ်ချခဲ့ပြီး အပျက်အစီးအပိုင်းအစတွေကြောင့် မီးလောင်ခဲ့တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
အစ္စရေးနိုင်ငံအလယ်ပိုင်းရှိ Shfelat Yehuda၊ Yehuda နဲ့ Lakhish ဒေသတွေမှာ အချက်ပေး ဥသြဆွဲသံတွေကြားခဲ့ရကြောင်းလည်း AFP သတင်းက ဖော်ပြပါတယ်။ ဟူသီသူပုန်တွေရှိနေတဲ့ ယီမင်ဘက်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ကိုအစ္စရေးပိုင်နက်ထဲထိမရောက်ခင် ကြားဖြတ်ပစ်ချခဲ့ ကြောင်းနဲ့ ကြိုတင်သတိပေးတဲ့အနေနဲ့ အချက်ပေးဥသြဆွဲခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ တနင်္ဂနွေနေ့က အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဂါဇာဒေသမှာ အနည်းဆုံး ၃ ဦးသေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးဌာနကပြောပါတယ်။
Forum