သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားမတ်စ်အကြီးတန်းအရာရှိသေဆုံးပြီးနောက် ဂါဇာကို အစ္စရေးလေကြောင်းတိုက်ခိုက်


ISRAEL-PALESTINIANS/GAZA
ISRAEL-PALESTINIANS/GAZA

ဂါဇာကမ်းမြောင်ဒေသမှာ ဗုဒ္ဓဟူးနေ့က အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုတွေအသစ်ပြုလုပ်ခဲ့ပါတယ်။ ဘေရွတ်မြို့မှာ အဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း ဟားမတ်စ်အကြီးတန်းအရာရှိတဦးသေဆုံးပြီးနောက် လက်ဘနွန်အခြေစိုက် ဟစ်ဇဘိုလာအဖွဲ့က တန်ပြန်တိုက်ခိုက်လာနိုင်ခြေအတွက် အထူးသတိပေးချက်တွေမြင့်မားနေချိန်မှာ ဂါဇာမှာ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။

ဟားမတ်စ်အဖွဲ့ရဲ့အကြီးတန်း နိုင်ငံရေးအရာရှိတဦးဖြစ်တဲ့ ဆာလာ အယ်လ်-အာရူရီဟာ အင်္ဂါနေ့က ဘေရွတ်တောင်ပိုင်းမှာ ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပါတယ်။ သူဟာ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီးယာနဲ့ ရင်းနှီးတဲ့မဟာမိတ်ဖြစ်ပြီး ဟားမတ်စ်နဲ့ ဟစ်ဇ်ဘိုလာကြား ကြားခံအဖြစ် လက်ဘနွန်မှာ ရှိနေခဲ့တာပါ။ ဒရုန်းတိုက်ခိုက်မှုကို အစ္စရေးဘက်က တိုက်ရိုက်ဝန်ခံတာမျိုး မလုပ်ပါဘူး။

ဟားမတ်စ်ဘက်ကတော့ ဒါဟာ အစ္စရေးလက်ချက်လို့ စွပ်စွဲထားပါတယ်။ ဗုဒ္ဓဟူးနေ့က ရုပ်မြင်သံကြားမိန့်ခွန်းထဲမှာ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန် နာစရယ်လာက လက်ဘနွန်ကို တိုက်ခိုက်တာတွေမလုပ်ဖို့ အစ္စရေးကို သတိပေးခဲ့ပါတယ်။ "ရန်သူက လက်ဘနွန်ကို စစ်ပွဲဆင်နွှဲဖို့စိတ်ကူးရင် အဆီးအတား မရှိ၊ စည်းကမ်းကန့်သတ်ချက်တွေ မရှိဘဲ တိုက်ပွဲဝင်သွားမယ်။" လို့ နာစရယ်လာက ပြောပါတယ်။

အစ္စရေးရဲ့ မော့ဆက်ထောက်လှမ်းရေးဌာန အကြီးအကဲကတော့ “အောက်တိုဘာ ၇ ရက် အစ္စရေးကိုတိုက်ခိုက်ခဲ့မှုအတွင်း ပါဝင်ခဲ့တဲ့ ဟားမတ်စ်အဖွဲ့ဝင်တိုင်းကို သူတို့ ဘယ်နေရာမှာ ရောက်နေပါစေ လိုက်လံရှာဖွေ ရှင်းပစ်မယ်။” လို့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ အာရူရီ သေဆုံးမှုနဲ့ပတ်သက်ပြီး အစ္စရေးစစ်တပ်ကို တိုက်ရိုက်မေးမြန်းရာမှာတော့ စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒယ်နီရယ် ဟာဂါရီက မှတ်ချက်ပေးဖို့ ငြင်းဆိုပြီး “ပြောရမယ့် အရေးကြီးဆုံးအချက်က ဟားမတ်စ်ကိုတိုက်ခိုက်ဖို့ ကျနော်တို့ ဆက်ပြီး အာရုံစိုက်နေတယ်” လို့ ဖြေပါတယ်။

ဒါပေမယ့် အာရူရီသေဆုံးမှုဟာ အဓိက ဟားမတ်စ်ခေါင်းဆောင်တွေကိုသတ်ဖြတ်ဖို့ ကြေညာထားတဲ့ အစ္စရေးရဲ့ရည်မှန်းချက်နဲ့ ကိုက်ညီနေပါတယ်။ အာရူရီကို ဖမ်းမိနိုင်ရေး အမေရိကန်ကလည်း ဆုကြေး ဒေါ်လာ ၅ သန်း ထုတ်ထားတာပါ။

ဟစ်ဇ်ဘိုလာရဲ့ကြေညာချက်ထဲမှာ “ဒီရာဇဝတ်မှုအတွက် လက်တုံ့ပြန် ပြစ်ဒဏ်ပေးမယ်။” လို့ ကြုံးဝါးထားပြီး ဒေသတွင်းမှာ စစ်အရှိန်မြင့်တက်မယ့် စိုးရိမ်ချက်တွေ ရှိနေတာပါ။

အစ္စရေးဘက်ကလည်း ဟစ်ဇ်ဘိုလာတွေ ထိန်းထိန်းသိမ်းသိမ်းမလုပ်ရင် လက်ဘနွန်မှာ စစ်ပွဲကြီး အပြည့်အဝဖြစ်လာမယ်လို့ တန်ပြန် သတိပေးပါတယ်။ ဟားမတ်စ်နဲ့ ဟစ်ဇ်ဘိုလာ နှစ်ဘက်စလုံးကို အီရန်က ကျောထောက်နောက်ခံပြုထားပြီး ဆီးရီးယား၊ အီရတ်နဲ့ ယီမင်က စစ်သွေးကြွမဟာမိတ်အဖွဲ့တွေက အစ္စရေးကို တာဝေးပစ်တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ ဟားမတ်စ်နဲ့ ဟစ်ဇ်ဘိုလာနှစ်ဖွဲ့စလုံးကို အမေရိကန်ကလည်း အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG