သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ်နဲ့စစ်ပွဲအလွန် အစ္စရေးရဲ့ ဂါဇာအုပ်ချုပ်ရေးအစီအစဉ်


ဂါဇာကမ်းမြောင်က ဂါဇာမြို့တနေရာကို အစ္စရေးဗုံးကြဲပြီးနောက်တွေ့ရတဲ့ အဆောက်အဦးတွေနဲ့ ပါလက်စတိုင်းများ (ဇန်နဝါရီ ၃၊ ၂၀၂၄)
ဂါဇာကမ်းမြောင်က ဂါဇာမြို့တနေရာကို အစ္စရေးဗုံးကြဲပြီးနောက်တွေ့ရတဲ့ အဆောက်အဦးတွေနဲ့ ပါလက်စတိုင်းများ (ဇန်နဝါရီ ၃၊ ၂၀၂၄)

အစ္စရေးနဲ့ ဟာမတ်စ်စစ်ပွဲလွန်ကာလ ဂါဇာကမ်းမြောင်ဒေသနဲ့ပတ်သက်တဲ့ အစ္စရေးအစီအစဉ်တွေကို ကာကွယ်ရေးဝန်ကြီး Yoav Gallant ကကြေညာခဲ့ပါတယ်။ အစီအစဉ်အရ ဂါဇာကမ်းမြောင်ဒေသကို ပါလက်စတိုင်းတို့က အုပ်ချုပ်ရမှာဖြစ်ပေမဲ့ ဒေသတခုလုံး လုံခြုံရေးကိုတော့ အစ္စရေးတို့က ထိန်းချုပ်ထားမှာြဖစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Gallant ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

ဂါဇာတောင်ပိုင်းမှာ ဟာမတ်စ်ခေါင်းဆောင်တွေကို ရှာဖွေရှင်းလင်းတဲ့စစ်ဆင်ရေးကို ဆက်လုပ်နေတဲ့တချိန်ထဲမှာ မြောက်ပိုင်းကိုလည်း စစ်အနိုင်ရမှုအပေါ်မူတည်ပြီး တိုက်ခိုက်ရေး အသွင်သစ်ပြောင်းလဲသွားမှာဖြစ်တယ်လို့ သူကပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်ဆင်မှုအပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ တိုးနေချိန်မှာ အစ္စရေးဘက်က ခုလို အနာဂါတ်အစီအစဉ်တွေကို ကြေညာခဲ့တာဖြစ်ပါတယ်။ အစ္စရေးစစ်ဆင်ရေးကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ နေထိုင်နေကြသူ ၂ သန်းခွဲလောက်ဟာ တောင်ပိုင်းမှာ ရွှေ့ပြောင်းနေနေကြရပါတယ်။ အများစုဟာ ယာယီတဲတွေနဲ့ နေထိုင်နေကြရပါတယ်။

အစ္စရေးနဲ့ ဟာမတ်စ်စစ်သွေးကြွအဖွဲ့ကြားဖြစ်နေတဲ့ စစ်ပွဲဟာ အိမ်နီးချင်းနိုင်ငံတွေအထိပါ ကူးစက်နေပုံရနေချိန်မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အရှေ့အလယ်ပိုင်းဒေသကို နောက်တကြိမ်ခရီးထွက်နေပါတယ်။ ဂါဇာစစ်ပွဲပြီးဆုံးသွားရင် ဂါဇာကမ်းမြောင်ဒေသကို ဘယ်သူအုပ်ချုပ်မှာလည်းဆိုတဲ့အပေါ် အဓိကထားဆွေးနွေးဖို့ နိုင်ငံခြားရေးဝန်ကြီး အရှေ့အလယ်ပိုင်းကို ဒီတခေါက် သွားရောက်တာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ပြောခွင့်ရက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းမှာ အခြေစိုက်နေတဲ့ ပါလက်စတိုင်းအာဏာပိုင်တွေကို ဂါဇာကမ်းမြောင်ဒေသမှာ ပြန်လည်အုပ်ချုပ်ဖို့ အမေရိကန်အစိုးရက အကြံပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG