သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး အရှေ့အလယ်ပိုင်းခရီးစဉ်စတင်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anotny Blinken
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anotny Blinken

စစ်ပွဲဒဏ်ခံနေရတဲ့ဂါဇာကမ်းမြောင်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးပို့ရာမှာ အထောက်အကူဖြစ်စေရေး သံတမန်ရေး ကြိုးပမ်းချက်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ကြာသပတေးနေ့နှောင်းပိုင်းမှာ အရှေ့အလယ်ပိုင်းခရီးစဥ် စတင်ခဲ့ပါတယ်။

ဟားမတ်စ်-အစ္စရေးစစ်ပွဲ ၃ လနီးပါးရှိလာနေပြီး ပါလက်စတိုင်းပြည်သူတွေ ထိခိုက်သေဆုံးမှုလျှော့ချရေး အစ္စရေးအပေါ် နိုင်ငံတကာဖိအားတွေ တိုးမြင့်လာနေချိန်မှာပဲ ဘလင်ကန်ရဲ့ လေးကြိမ်မြောက်အရှေ့အလယ်ပိုင်းခရီးစဥ်ဖြစ်လာတာပါ။ “ခရီးစဥ်အတွင်းမှာ ဘလင်ကန်ဟာ တူရကီ၊ ဂရိ၊ ဂျော်ဒန်၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆော်ဒီအာရေးဗီးယား၊ အစ္စရေး၊ West Bank လို့ခေါ်တဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသ၊ အီဂျစ်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တခြားသူတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်” လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမစ်လာ (Matthew Miller) က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

တချိန်တည်းမှာပဲ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ စစ်ဆင်ရေးနောက်တဆင့်အတွက် အစီအမံတွေကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အခုထုတ်ပြန်တဲ့ ချဉ်းကပ်မှုအသစ်မှာ ဂါဇာမြောက်ပိုင်းကို ပစ်မှတ်ထားတိုက်ခိုက်မယ့်မဟာဗျူဟာနဲ့ တောင်ပိုင်းမှာ ဟားမတ်စ်ခေါင်းဆောင်တွေကို ဆက်လက်ရှာဖွေမယ့်အစီအမံတွေ ပါဝင်ပါတယ်။

စစ်ပွဲအပြီး ဂါဇာဟာ ဟားမတ်စ်ထိန်းချုပ်မှုအောက်မှာ ရှိတော့မှာမဟုတ်ကြောင်းလည်း အစ္စရေးကာကွယ်ရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ ခရီးစဥ်အတွင်းမှာတော့ ဂါဇာကို အစားအစာ၊ ရေ၊ ဆေးဝါးနဲ့ ကုန်စည်တင်ကားတွေ အရေအတွက် တိုးမြှင့် ဝင်ရောက်နိုင်ဖို့လို ချက်ခြင်း အရေးယူဆောင်ရွက်နိုင်မယ့် အစီအမံတွေကို ဆွေးနွေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဟားမတ်စ်က ဖမ်းထားတဲ့ လက်ကျန်ဓားစာခံတွေ ပြန်လွတ်ရေးလည်း ဆွေးနွေးဖို့ ရှိပါတယ်။ ဂါဇာကမ်းမြောင်ကနေ ပါလက်စတိုင်းတွေကို အတင်းအကျပ် ဖယ်ရှားတာကို အမေရိကန်ကဆန့်ကျင်ပြီး စစ်အပြီး ပါလက်စတိုင်းနယ်မြေတွေအတွက် လမ်းပြမြေပုံကိုလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တဘက်မှာလည်း “ဂါဇာကို ခြေကုပ်ယူပြီး အစ္စရေးကို အကြမ်းဖက်တိုက်ခိုက်မှုနိုင်မယ့် အခြေအနေမျိုး နောက်ဘယ်တော့မှ အဖြစ်မခံဘူး” လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မစ်လာက ဗွီအိုအေကို ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ “နောက်ဆုံးမှာ ဂါဇာနဲ့ အနောက်ဘက်ကမ်းဒေသကို ပါလက်စတိုင်းခေါင်းဆောင်မှုအောက်မှာ ပြန်လည်ပေါင်းစည်းဖို့” အမေရိကန်က လိုလားပြီး “ဒီမှာ ဟားမတ်စ်အတွက် အခန်းကဏ္ဍဆိုတာ လုံးဝမရှိ” ကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ မစ်လာက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG