(Zawgyi / Unicode)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လပ်စီအရပ်မှာရှိတဲ့ မြန်မာအလုပ်သမား အများအပြား အလုပ်လုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေးအလုပ်ဆိုက်ကြီးဖြစ်တဲ့ Italian Thai ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း လူ ၃၀၀ နီးပါး ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အစုလိုက်အပြုံလိုက် ဖြစ်လာတဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကစပြီး အလုပ်သမားအားလုံး အပြင်မထွက်ကြဖို့ အရေးပေါ်အမိန့် ဆုံးဖြတ်ခဲ့ပြီး အလုပ်ဆိုက်ကို ၁၀ ရက် ပိတ်လိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် မြင့်တက်လာနေသလို စက်ရုံအလုပ်ရုံတွေ၊ ဆောက်လုပ်ရေးဆိုက်တွေမှာလည်း အစုလိုက် အပြုံလိုက် ကူးစက်မှုတွေ ပြန်ဖြစ်လာပါတယ်။ ဒီရက်ပိုင်းမှာပဲ ဘန်ကောက်မြို့ လပ်စီအရပ်က ဆောက်လုပ်ရေးဆိုက်ကြီးဖြစ်တဲ့ Italian Thai ကုမ္ပဏီက ဆောက်လုပ်ရေးလုပ်ငန်း လုပ်နေတဲ့နေရာမှာ အလုပ်သမားတွေကြား အစုလိုက် အပြုံလိုက် ကိုဗစ်ကူးစက်မှု ဖြစ်တာကြောင့် အလုပ်ဆိုက်တခုလုံးကို ၁၀ ရက်အထိ ပိတ်ပစ်လိုက်ရကြောင်း ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက အခုလိုပြောပြပါတယ်။
“Italian Thai ဆောက်လုပ်ရေးဆိုက်ကလေ၊ လပ်စီမှာဖြစ်တာ၊ ဆိုက်ထဲမှာ အလုပ်သမား ၂၈၈ ယောက်ဖြစ်တာ၊ ကိုဗစ်စစ်တာ အလုပ်သမား ၂၈၈ ယောက်ဖြစ်နေတော့ အလုပ်ကို ၁၀ ရက်ပိတ်လိုက်တယ်။ အရင်ကလိုပဲ ဆောက်လုပ်ရေးဆိုက်ကို ပိတ်တဲ့သဘောပါပဲ။ အခုဖြစ်တာ အများစုက Omicron တွေ ဖြစ်တာများတယ်။ အခုက ကိုဗစ်ဖြစ်နှုန်းတွေ ပိုများလာတယ်။ တနေ့ကို ၂၀,၀၀၀ ဝန်းကျင်လောက်ထိ ကပ်လာတယ်။ သေတဲ့နှုန်းကလည်း ပြန်မြင့်လာတယ်။ တနေ့တနေ့ ၃၀ လောက်နားထိ ပြန်မြင့်လာတယ်။ တနေ့တနေ့ သေတဲ့နှုန်း ပြန်တိုးလာနေတယ်။”
ဒီဆောက်လုပ်ရေးဆိုက်ထဲမှာ မြန်မာအလုပ်သမားတွေ အများအပြား အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ၁၈ ရက်အတွင်း လူ ၃၀၀ နီးပါး အစုလိုက် အပြုံလိုက် ကိုဗစ်ကူးစက်မှုတွေ ဖြစ်ခဲ့တာပါ။ ဒီဆောက်လုပ်ရေးဆိုက်ဟာ လူနေရပ်ကွက်နဲ့ နီးကပ်တဲ့အတွက် အလုပ်ဆိုက်ကို ၁၀ ရက်ပိတ်ဖို့အတွက် လပ်စီအုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားရေးမှူး Mr. Sombat Kanokthipwan က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆောက်လုပ်ရေးဆိုက်ဟာ အရင် ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းတွေမှာတုန်းကလည်း အလုပ်သမားတွေ အစုအဝေးနဲ့ ကိုဗစ်ကူးစက်မှုတွေ ဖြစ်ခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။
အခုဆိုရင် အလုပ်သမားအားလုံးကို အပြင်ထွက်ခွင့် မပေးတော့ဘဲ ကိုဗစ်ကပ်ရောဂါပိုးတွေ့ လူနာတွေကို သီးခြားခွဲထုတ် ကုသပေးနေပါတယ်။ ဆောက်လုပ်ရေး အလုပ်ဆိုက်အတွင်းမှာ ပိုးသတ်ဆေးတွေဖျန်းတာအပြင် အလုပ်သမားအားလုံးကို ကိုဗစ်စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ ရွှေ့ပြောင်းအလုပ်သမားတွေကြား ကူးစက်သူ လူနာအသစ်တွေလည်း ထပ်တိုးလာနေပါတယ်။ ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တနေ့တည်း ကိုဗစ်ကူးစက်သူ ၁၉,၀၀၀ နီးပါးထိ ရှိပါတယ်။
-----------------------
(Unicode)