ဂျပန်နိုင်ငံက ပျက်စီးသွားတဲ့ဖူကူရှီးမားဒိုင်အိချိ နျူကလီးယား ဓာတ်အားပေးစက်ရုံကနေ သန့်စင်ပြီးသားရေဒီယိုသတ္တိကြွရေဆိုးတွေကို ပင်လယ်ထဲ စွန့်ထုတ်လိုက်တဲ့ပေါ် တရုတ်အစိုးရရဲ့စိုးရိမ်ပူပန်မှုတွေကို တရုတ်ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံပြီးရှင်းလင်းတင်ပြခဲ့တယ်လို့ ဂျပန်က ပြောပါတယ်။
အဏုမြူဓာတ်ပေါင်းဖိုကရေဆိုးတွေ ပင်လယ်ထဲပြန်လည်စွန့်ထုတ်ခဲ့တဲ့အပေါ် ငါးဖမ်းလုပ်ငန်းအုပ်စုတွေနဲ့ အထူးသဖြင့် တရုတ်နဲ့ အိမ်နီးချင်းတိုင်းပြည်တွေက ကန့်ကွက်နေကြတာပါ။ တရုတ်နိုင်ငံကတော့ ဂျပန်နိုင်ငံက တင်ပို့တဲ့ ပင်လယ်စာအားလုံးကို ကန့်သတ်တားမြစ်ထားပါတယ်။ ဒီလုပ်ရပ်ကြောင့် တရုတ်ကိုတင်ပို့နေတဲ့ ဂျပန် ကမာမွေးမြူရေးသမားတွေ အတော့်ကို ထိခိုက်နေရပါတယ်။
ဓာတ်အားပေးစက်ရုံကရေဆိုးတွေကို ကြိုတင်စီစဥ်ထားတဲ့အတိုင်း ပင်လယ်ထဲ ဘယ်လိုစွန့်ထုတ်ခဲ့သလဲဆိုတာ သိပ္ပံပညာအခြေပြုပြီး ရှင်းလင်းတင်ပြခဲ့တယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်နိုင်ငံ အရှေ့မြောက်ဘက်က Dalian မြို့မှာ နှစ်နိုင်ငံကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က ငလျင်နဲ့ ဆူနာမီရေလှိုင်းကြီးတွေကြောင့် ဖူကူရှီးမားဓာတ်အားပေးစက်ရုံက ဓာတ်ပေါင်းဖို ၃ ခု ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။
Forum