သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နိုင်ငံခြားရေးဝန်ကြီးခရီး ရိုဟင်ဂျာအရေးစိုးရိမ်မှု ဆွေးနွေးမည်


ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono လာမယ့် ဇန်နဝါရီလထဲ မြန်မာနိုင်ငံကိုသွားတဲ့အခါ ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာကို လူ့အခွင့်အရေးပြဿနာအဖြစ် ရှုမြင်ပြီး၊ ချည်းကပ် ဆောင်ရွက်သင့်တယ်လို့ ဂျပန်နိုင်ငံသားတချို့က တိုက်တွန်းနေပါတယ်။ ဂျပန်အစိုးရရဲ့ အသုံးစားရိတ်ဘတ်ဂျက် မြင့်မားနေတာကြောင့် ဂျပန်အစိုးရပေါ်ဝေဖန်မှုတွေ တိုးနေချိန်မှာ ရခိုင်ဒေသကို ဂျပန်နိုင်ငံကပေးနေတဲ့ လူသားချင်း စာနာမှု အကူအညီတွေဟာ ထိရောက်မှု ရှိမရှိဆိုတာကို ဂျပန်လွှတ်တော်မှာ ပြန်လည်တင်ပြနိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီး Kono ကိုယ်တိုင် ရခိုင်ဒေသကို သွားရောက်လည်ပတ်တာဖြစ်ကြောင်း သုံးသပ်သူတွေလည်းရှိပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ဟာ ဇန်နဝါရီလအလယ်ပိုင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပြီး သူ့ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံ နေရာချထားရေးအတွက် ပြင်ဆင်တည်ဆောက် နေတာတွေကို သွားရောက်လည်ပတ် ကြည့်ရှုဖို့ ရှိတယ်လို့ ဂျပန်သတင်းတွေမှာ ဖေါ်ပြပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Kono ဟာ သူ့ရဲ့မြန်မာပြည်ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိသလို၊ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ဂျပန်အစိုးရရဲ့ စိုးရိမ်မှုကို တင်ပြဆွေးနွေးသွားဖို့ ရှိတယ်လို့ ဂျပန်အစိုးရ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ကျိုဒိုသတင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ဒေသမှာ ရိုဟင်ဂျာလူမျိုးဆိုတာ မရှိဘူးလို့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေကရော မြန်မာနိုင်ငံသားအများစုကပါ လက်မခံ ငြင်းပယ်ထားပေမယ့် ရိုဟင်ဂျာပြဿနာကို လူ့အခွင့်အရေးပြဿနာအဖြစ် ရှုမြင်ပြီး၊ ချည်းကပ် ဆောင်ရွက်သင့်တယ်လို့ ဂျပန်နိုင်ငံသား သတင်းစာဆရာ ဦးရွှေဘ(ခေါ်) မစ္စတာ Hisao Tanabe က ပြောပါတယ်။

"ဂျပန်အစိုးရအနေနဲ့ကလည်း ရိုဟင်ဂျာဆိုတာက လူ့အခွင့်အရေးပြဿနာနဲ့ ဒုက္ခရောက်နေတယ်ဆိုတာ သိထားပြီးထင်ပါတယ်။ အဲဒါကြောင့် နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ အခု လက်ရှိအခြေအနေကို ကြည့်ပြီးတော့လေ မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးတော့ ထိရောက်တဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းကိုရှာရာမှာ ဂျပန်အနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် ဒါကတော့ အကျိုးရှိမယ်လို့ ထင်ပါတယ်ခင်ဗျ။"

လာမယ့်ဇန်နဝါရီလ နိုင်ငံခြားရေးဝန်ကြီး Kono ရဲ့ခရီးစဉ်ဟာ သူနိုင်ငံခြားရေးဝန်ကြီးဖြစ်လာပြီးနောက် ပထမဦးဆုံးသော မြန်မာပြည်ခရီးစဉ်လဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံထဲမှာလည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဂျပန်အစိုးရရဲ့ အသုံးစားရိတ်ဘတ်ဂျက်ဟာ အမြင့်မားဆုံးဖြစ်နေပြီး၊ ဂျပန် အစိုးရပေါ်ဝေဖန်မှု တိုးနေချိန်ဖြစ်တာကြောင့် ရခိုင်ဒေသကို ဂျပန်နိုင်ငံက လက်ရှိပေးနေတဲ့ လူသားချင်းစာနာမှု အကူအညီတွေ ထိရောက်မှု ရှိမရှိဆိုတာကို ဂျပန်လွှတ်တော်မှာ ပြန်လည်တင်ပြနိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီး Kono ကိုယ်တိုင် ရခိုင်ဒေသကို သွားရောက်လည်ပတ်တာ ဖြစ်နိုင်ကြောင်း ဂျပန်မြန်မာအရေး သုံးသပ်သူ ဦးကျော်ကျော်စိုးက မြင်ပါတယ်။

"အခုလောလောဆယ်မှာက ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ဂျပန်အစိုးရက ဘတ်ဂျက်ကို အတည်ပြုလိုက်ပြီ။ အဲဒီဘတ်ဂျက်က ဂျပန်ရဲ့သမိုင်းမှာ အများဆုံးပဲ။ ဒါပေမယ့် ဇန်နဝါရီလလည်မှာ လွှတ်တော်ပြန်စမယ်။ ဘတ်ဂျက်ကိစ္စ လွှတ်တော်မှာ ဆွေးနွေးကြတဲ့ အခါကျရင် အဲဒီပြဿနာ ပြန်တက်လာမယ်လို့ ဂျပန်အစိုးရက ယူဆတဲ့အတွက်ကြောင့် ဘတ်ဂျက် အစိုးရအသုံးစားရိတ်တွေကို စနစ်တကျနဲ့ သေချာ စည်းစနစ်နဲ့ သူတို့သုံးစွဲနေပါတယ်ဆိုတာ ပြချင်တဲ့အတွက်ကြောင့် သူ ဒီလိုသွားရတာက အချက်တချက် အနေနဲ့ ပါလိမ့်မယ်ထင်တယ်။"

ပြီးခဲ့တဲ့သြဂုတ်လ ARSA ခေါ် ရိုဟင်ဂျာအကြမ်းဖက်အုပ်စုက ရခိုင်မြောက်ပိုင်း လုံခြုံရေးကင်းစခန်းတွေကို ဝင်တိုက်ခဲ့ပြီးနောက်ပိုင်း မြန်မာ လုံခြုံရေးတပ်ဖွဲ့ရဲ့ နယ်မြေရှင်းလင်းရေး ဖြစ်စဉ်အတွင်း ရိုဟင်ဂျာ ၆ သိန်းခွဲကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး ခိုလှုံသွားတာကြောင့် အဲဒီ ရိုဟင်ဂျာဒုက္ခသည်တွေကို ရခိုင်ပြည်နယ်ထဲမှာ ပြန်လည်လက်ခံဖို့ မြန်မာအစိုးရက နိုင်ငံတကာကို ကတိပေးထားတာပါ။ အဲဒီဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအတွက် ဂျပန်အစိုးရကလည်း လူသားချင်းစာနာမှု အကူအညီတွေပေးနေပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဝေဖန်ဖိအားပေးနေပေမယ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းတွေရှိနေတဲ့ မြန်မာနိုင်ငံနဲ့ ပိုနီးစပ်တဲ့ ဆက်ဆံရေးကောင်းတွေ ထူထောင်ဖို့ ဂျပန်အစိုးရက ပိုလိုလားနေကြောင်း ဂျပန်သတင်းစာဆရာ ဦးရွှေဘက သုံးသပ်ပါတယ်။

"နိုင်ငံတကာအသိုင်းအဝိုင်းက ဒါကို လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပြဿနာ အနေနဲ့ စိုးရိမ်နေတဲ့အတွက် မြန်မာအစိုးရအနေနဲ့ ကြိုးစားပြီးတော့ ဆောင်ရွက်ပြီးတော့ ဒီပြဿနာကို ဖြေရှင်းပြီးတော့ အဲဒါကို တကမ္ဘာလုံးကို ပြဖို့လိုတယ်လို့ (ဝန်ကြီးချုပ်) အာဘေ့ကပြောတယ်။"

ဒါတွေအပြင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလက ကုလလုံခြုံရေး ကောင်စီမှာ ချမှတ်လိုက်တဲ့ မြောက်ကိုရီးယားဆိုင်ရာ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံ အနေနဲ့ မပျက်မကွက် လိုက်နာဆောင်ရွက်ဖို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီး Kono က ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းဖို့ရှိတယ်လို့ ဂျပန်သတင်းတွေက ရေးပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ သံတမန် ဆက်ဆံရေးရှိသလို စီးပွားရေးအရလည်း အပြန်အလှန် ဆက်ဆံမှုတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG