(Zawgyi / Unicode)
Wisconsin ပြည်နယ်မှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်တွေကို မနေ့ တနင်္ဂနွေက ပြန်လည်ရေတွက်လို့ အပြီးမှာတော့ ရွေးကောက်ခံသမ္မတ Joe Biden က ၈၇ မဲ အပိုထပ်ဆောင်း အနိုင်ရရှိသွားပါတယ်။ အမေရိကန် အနောက်အလယ်ပိုင်းဒေသက အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ အဲဒီပြည်နယ်မှာ မဲပေါင်း ၂၀,၀၀၀ ကျော် အသာစီးရနေတာကို ပိုပြီး ခိုင်မာသွားစေခဲ့တာပါ။
Wisconsin ပြည်နယ်ထဲက ဒီမိုကရက်ပါတီ ထောက်ခံသူတွေ လွှမ်းမိုးထားတဲ့ နေရာတွေဖြစ်တဲ့ Milwaukee နဲ့ Madison မြို့ကြီးတွေမှာ Joe Biden ကို အနိုင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မဲပြန်လည်ရေတွက်ဖို့ သမ္မတ Donald Trump ရဲ့ မဲဆွယ်ရေးအဖွဲ့က အမေရိကန်ဒေါ်လာ ၃ သန်း သုံးစွဲခဲ့ပါတယ်။ အဲဒီပြည်နယ်က သမ္မတရွေးချယ်ရေး မဲပေါင်း ၁၀ မဲ ရှိတာပါ။
မဲပြန်လည်ရေတွက်အပြီးမှာတော့ တရားရုံးမှာ ရွေးကောက်ပွဲရလဒ်တွေကို လက်မခံဘဲ လျှောက်ထားတင်ပြထားတဲ့ ပြည်နယ်တွေထဲ Wisconsin ပြည်နယ်က သမ္မတ Trump အတွက် အရှုံးနဲ့ရင်ဆိုင်ရတဲ့ နောက်ဆုံးပြည်နယ်တခု ဖြစ်လာခဲ့ပါတယ်။
ရွေးကောက်ပွဲရလဒ်ကို တရားဝင် အတည်မပြုရသေးတဲ့ အခုအချိန်အထိ Joe Biden က သမ္မတရွေးချယ်ရေးအဖွဲ့ရဲ့ မဲပေါင်း ၃၀၆ မဲ - ၂၃၂ မဲနဲ့ အသာစီးရနေတာ ဖြစ်ပါတယ်။ လူတဦးစီပေးအပ်တဲ့ မဲမှာလည်း Joe Biden က သမ္မတ Trump ထက် မဲပေါင်း ၆ သန်းကျော် အနိုင်ရရှိထားပါတယ်။
သမ္မတရွေးချယ်ရေးအဖွဲ့ရဲ့ တရားဝင် မဲပေးပွဲကိုတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
သမ္မတရွေးချယ်ရေးအဖွဲ့မှာ Joe Biden အနိုင်ရပြီးရင်နဲ့ လက်ရှိ သမ္မတသက်တမ်း ကုန်ရင် အိမ်ဖြူတော်ကနေ ထွက်ခွာမယ်လို့ ပြီးခဲ့တဲ့အပတ်က သမ္မတ Trump က ပြောထားပါတယ်။
အရေးပါတဲ့ ပြည်နယ်တွေက ရွေးကောက်ပွဲရလဒ်တွေကို စိန်ခေါ်တဲ့ တရားရုံးတင် လျှောက်ထားချက် ၃၀ ကျော် ရှုံးနိမ့်ခဲ့ပြီး ဖြစ်ပေမယ့် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်းကိုတော့ သမ္မတ Trump က အခုအချိန်အထိ မပြောကြားသေးပါဘူး။
-----------------------
(Unicode)