သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း ဈာပန ကျင်းပပြီးစီး


အမေရိကန်ပြည်ထောင်စုရဲ့ အထင်ကရ သူရဲကောင်းတဦးဖြစ်တဲ့ ကွယ်လွန်သူ Arizona အထက်လွှတ်တော်အမတ် John McCain အတွက် သတိရအောက်မေ့ဘွယ် အခန်းအနားတွေ ၅ ရက်ကြာ ကျင်းပပြီးစီးတဲ့ တနင်္ဂနွေနေ့မှာပဲ သူတက်ရောက်ပညာသင်ကြားခဲ့တဲ့ မေရီလန်းပြည်နယ် Annapolis မြို့တော်က အမေရိကန်ရေတပ်အကယ်ဒမီကျောင်း စစ်သချိုၤင်းမှာ သူ့ကို မြှပ်နှံသဂြိုၤဟ်ခဲ့ပါတယ်။

မစ္စတာ McCain ကို သူရေတပ်အကယ်ဒမီ တက်တုန်းက အတန်းဖော်ဖြစ်သူ အခင်မင်ဆုံးမိတ်ဆွေဖြစ်တဲ့ ၂၀၁၄ မှာ ကွယ်လွန်ခဲ့သူ ရေတပ်ဗိုလ်ချုပ်ကြီး Chuck Larson ရဲ့ ဂူဘေးမှာ မြှုပ်နှံခဲ့ပါတယ်။

မစ္စတာ McCain ဟာ ဗီယက်နမ်စစ်ပွဲမှာ လေယာဉ်မှူးအဖြစ်အမှုထမ်းခဲ့ပြီး ၁၉၆၀ နှစ်တွေအတွင်း ဗီယက်နမ်မှာ စစ်အကျဉ်းသားအဖြစ် ၅ နှစ်ကျော် နေခဲ့ရသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ဒီရေတပ်အကယ်ဒမီကျောင်းမှာပဲ သူမိန့်ခွန်းပြောခဲ့ပြီး ဒီကျောင်းက သူ့ဘဝရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ပေးခဲ့တယ်လို့ ပြောကြားခဲ့တာပါ။

မြေမြှပ် မသဂြိုၤဟ်ခင်မှာလည်း သီးသန့်အောက်မေ့ဘွယ် အခန်းအနားတခုကို ရေတပ်အကယ်ဒမီကျောင်းရဲ့ ဝတ်ပြုခန်းမမှာ ကျင်းပခဲ့ပါတယ်။ သူ့ရုပ်အလောင်းကို ဝါရှင်တန် ဒီစီနားကနေ Annapolis က ကျောင်းကို သယ်ဆောင်ခဲ့တဲ့ လမ်းတလျှောက်မှာလည်း သူ့ကို ဂါရဝပြုဖို့ ရာနဲ့ချီတဲ့ ပြည်သူတွေ တန်းစီစောင့်ဆိုင်းနေကြတာပါ။

မစ္စတာ McCain ရဲ့ မိတ်ဆွေကြီးတဦးဖြစ်တဲ့ တောင်ကာရိုလိုင်းနားပြည်နယ် အထက်လွှတ်တော်အမတ် Lindsey Graham ကတော့ John McCain ထက်ပိုပြီး ချစ်မြတ်နိုးဖို့ကောင်းတဲ့ စစ်သားမရှိဘူးလို့ ပရိသတ်ကို ပြောခဲ့ပါတယ်။ မစ္စတာ McCain ဟာ အသက် ၈၁ နှစ် အရွယ်မှာ လွန်ခဲ့တဲ့သီတင်းတပတ်ကျော် စနေနေ့က ဦးနှောက်ကင်ဆာ ရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူ Cindy McCain နဲ့ ကလေး ၇ ယောက်အပြင် အသက် ၁၀၆ နှစ်အရွယ် သူ့မိခင် ကျန်ရစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG