သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအကူအညီရံပုံငွေ သိသိသာသာလျော့ကျဟု ငါးနိုင်ငံပူးတွဲ ထုတ်ပြန်သတိပေး 


မြန်မာပြည်ကထွက်လာပြီး ဘင်္ဂလားဒေ့ရှ် ဥခီးယဒုက္ခသည်စခန်းမှာ ထောက်ပံ့ပစ္စည်းရဖို့စောင့်နေကြတဲ့ ရိုဟင်ဂျာမွတ်ဆလင်များ။ (နိုဝင်ယာ ၁၅၊ ၂၀၁၇)
မြန်မာပြည်ကထွက်လာပြီး ဘင်္ဂလားဒေ့ရှ် ဥခီးယဒုက္ခသည်စခန်းမှာ ထောက်ပံ့ပစ္စည်းရဖို့စောင့်နေကြတဲ့ ရိုဟင်ဂျာမွတ်ဆလင်များ။ (နိုဝင်ယာ ၁၅၊ ၂၀၁၇)

ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာအကျပ်အတည်း ၇ နှစ်ရောက်လာတဲ့အခြေအနေမှာပဲ ဒုက္ခသည်တွေအတွက် လိုအပ်ချက်ရံပုံငွေဟာ သိသိသာသာ ကျဆင်းလာတယ်လို့ အမေရိကန်ပြည်ထောင်စုအပါအဝင် ငါးနိုင်ငံ ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။

ဂျပန်၊ နော်ဝေး၊ ဆွီဒင်၊ ဆွစ်ဇာလန်နဲ့ အမေရိကန်ပြည်ထောင်စု ငါးနိုင်ငံကိုယ်စားလှယ်အဖွဲ့တဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုပြီးတဲ့နောက် အခု ပူးတွဲ ထုတ်ပြန်ချက်ထွက်လာတာပါ။ ရိုဟင်ဂျာလူသားချင်းစာနာမှုဆိုင်ရာ ၂၀၁၄ တုံ့ပြန်ဆောင်ရွက်မှုအစီအမံ IOM အဖွဲ့အတွက် အမေရိကန်အနေနဲ့ ဒေါ်လာ ၇.၆ သန်း၊ ဂျပန်က အမရိကန်ဒေါ်လာ ၂.၆ သန်း၊ နော်‌ဝေးနိုင်ငံကတော့ နော်ဝေးခရိုနာ ၆.၅ သန်းတို့ ထောက်ပံ့ကူညီမယ်လို့လည်း ပူးတွဲထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ရိုဟင်ဂျာဒုက္ခသည် တသန်းကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ချီးကျူးဖော်ပြထားပါတယ်။

လက်ရှိမှာ အကူအညီတွေ လျော့ပါးလာတာကြောင့် ဒုက္ခသည်တွေနဲ့ လက်ခံနိုင်ငံ က လူမှုအသိုက်အဝန်းတွေအတွက် လိုအပ်ချက်တွေ ပြည့်မီအောင် မဆောင်ရွက်နိုင်သလို အခု လာမယ့် မုတ်သုန်မိုးရာသီမှာ ဆိုးဝါးတဲ့ရာသီဥတုဒဏ်ခံရနိုင်ခြေရှိတယ်လို့လည်း သတိပေးထားပါတယ်။ ပြီးခဲ့တဲ့နှစ်က ရိုဟင်ဂျာလူသားချင်းစာနာမှုအကူအညီအတွက် ကုလသမဂ္ဂတောင်းခံငွေရဲ့ တဝက်လောက်ကိုပဲ လက်ခံရရှိခဲ့ပါတယ်။ အခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ သန်း ၈၅၀ ထည့်ဝင်ကြဖို့ ကုလသမဂ္ဂဘက်က ပန်ကြားထားတာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအတွက် ဒေါ်လာ ၃၀.၅ သန်း နောက်ထပ် ကူညီမယ်လို့ မေလဆန်းပိုင်းကပဲ ကြေညာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကတည်းကဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ထောက်ပံ့ငွေ ဒေါ်လာ ၂.၄ ဘီလီယံ ရှိခဲ့ပြီး ဒေါ်လာ ၁.၉ ဘီလီယံကို ဒုက္ခသည်တွေနဲ့ အိမ်ရှင်လူမှုအသိုက်အတန်းအတွက် သုံးစွဲခဲ့တယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံကထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အများဆုံးထောက်ပံ့ကူညီနေတာ အမေရိကန်ပြည်ထာင်စုဖြစ်တယ်လို့လည်း သိရပါတယ်။

Forum

XS
SM
MD
LG