သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအကျပ်အတည်း နိုင်ငံတကာတာဝန်ရှိမှု ကုလကိုယ်စားလှယ်သတိပေး


ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews (ဇွန် ၂၃၊ ၂၀၂၂)
ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews (ဇွန် ၂၃၊ ၂၀၂၂)

လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်တွေတိုးနေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ မျှော်လင့်ချက်မဲ့ အလွန့်အလွန်ဆိုးရွားနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာ ကြာသပတေးနေ့က ပြောလိုက်ပါတယ်။

“ရိုဟင်ဂျာတွေရဲ့အခြေအနေက မျှော်လင့်ချက်မဲ့လောက်အောင် ဆိုးရွားနေပါတယ်။ စခန်းတွေထဲမှာ အစားအစာ မရှိ၊ အကြမ်းဖက်မှုတွေအပြည့်နဲ့ မတည်မငြိမ် ဖြစ်နေပါတယ်။ ဒီနောက်ခံအကြောင်းကိုဖြေရှင်းနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ အလုပ်တွေ အများကြီးလုပ်ရမယ်” လို့ ကုလ အထူးကိုယ်စားလှယ်က ပြောပါတယ်။ ဒါ့အပြင် ဒီ ရိုဟင်ဂျာအကျပ်အတည်းရဲ့ မူလဇာစ်မြစ်ကို မျက်ခြေမပြတ်ဖို့လည်း ကုလအထူးကိုယ်စားလှယ်က သတိပေးပြီး လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်မှုတွေကို သူက ထောက်ပြပါတယ်။

တဘက်မှာလည်း အင်ဒိုနီးရှားအပါအဝင် နိုင်ငံတွေမှာ အတိဒုက္ခရောက်နေသူတွေကို အများအပြားလက်ခံထားဖို့ ခက်ခဲနေတယ်ဆိုတာကို အပြည့်အ၀နားလည်ကြောင်း လူ့အခွင့်အရေးကိုယ်စားလှယ်က ပြောပါတယ်။ ဒီအကျပ်အတည်းကို အင်ဒိုနီးရှားတနိုင်ငံတင်မကဘဲ ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံအားလုံးက ပူးတွဲတာဝန်ယူဖြေရှင်းတဲ့ အရေးပေါ် တုံ့ပြန်ရေး အစီအစဥ်တွေ ဖော်ဆောင်ဖို့ကိုလည်း တွမ်အင်ဒရူးက ထပ်မံ တိုက်တွန်းခဲ့ပါတယ်။

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့လပိုင်းတွေတုန်းက ရိုဟင်ဂျာအများအပြား လှေစီးထွက်ပြေးလာတဲ့ အင်ဒိုနီးရှားကို လူကိုယ်တိုင် သွားရောက်ခဲ့ပါသေးတယ်။ ထွက်ပြေးလာကြသူတွေဟာ သူတို့ လာချင်လို့ဆိုတာထက် သူ့တို့ ရင်ဆိုင်နေရတဲ့အခြေအနေက မပြေးလို့မဖြစ်တဲ့ ဆိုးရွားတဲ့ အနေအထားဖြစ်နေလို့ ပြေးလာကြရတယ်လို့ ဒုက္ခသည်တွေက ပြောကြောင်း သူက ဆိုပါတယ်။ ဒါဟာ သူတို့အတွက် တခုတည်းသောမျှော်လင့်ချက် ဖြစ်ကြောင်း ပြောပါတယ်။

ဒုက္ခသည်တွေဟာ သူတို့ကိုယ်သူတို့နဲ့ သူတို့ရဲ့ မိသားစုတွေကို ကယ်တင်ဖို့ ဒီလို ထွက်ပြေးကြရတာဖြစ်ပြီး သူတို့လို အခြေအနေမျိုး ကြုံရရင် သူသူကိုယ်ကိုယ် လူတိုင်း ထွက်ပြေးကြရမှာပဲလို့လည်း ဗွီအိုအေနဲ့ အင်တာဗျူးမှာ တွမ်အင်ဒရူးက ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG