သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းသတင်းသမားများဖမ်းဆီးအရေးယူခံရမှု စိုးရိမ်စရာဖြစ်လာ


Myanmar Now သတင်းထောက် မကေဇွန်နွေးကို ဖမ်းဆီးသွားသည့်မြင်ကွင်း။ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁
Myanmar Now သတင်းထောက် မကေဇွန်နွေးကို ဖမ်းဆီးသွားသည့်မြင်ကွင်း။ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား သတင်းထောက် ၄ ယောက်ရှိသွားပါပြီ။ Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်း အုပ်ချုပ်မှု အယ်ဒီတာ အမေရိကန်နိုင်ငံသား မေလ ၂၄ ရက်နေ့က ဖမ်းဆီးခံရပြီး ဘာကြောင့် အဖမ်းခံရသလဲဆိုတာ မသိရသေးပါဘူး။ တချိန်ထဲမှာပဲ ဖမ်းဆီးခံထားရဆဲ ပြည်တွင်း သတင်းထောက်တွေနဲ့ပါတ်သက်တဲ့ အခြေအနေကလည်း စိုးရိမ်စရာဖြစ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မမြသဇင်အောင် ကတင်ပြပါမယ်။

စစ်တပ်က အာဏာသိမ်းအုပ်ချုပ်ခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ထဲကစလို့ အခုအချိန်အထိ မြန်မာနိုင်ငံမှာ အဖမ်းခံရတဲ့ သတင်းထောက် အယောက် ၅၀ ထက် မနည်းရှိသွားပါပြီ။ အဲဒီထဲမှာ မေလ ၂၄ ရက်နေ့က ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံရတဲ့ Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်း အုပ်ချုပ်မှု အယ်ဒီတာ အမေရိကန်နိုင်ငံသား Danny Fenster ဒန်နီ ဖန်စတာအပါအဝင် နိုင်ငံခြားသားသတင်းထောက် ၄ ယောက်ပါဝင်ပါတယ်။

အခု နောက်ဆုံး ဖမ်းဆီးခံရတဲ့ Frontier Myanmar ကအမေရိကန်သတင်းထောက် ဘာကြောင့် ဖမ်းခံရသလဲဆိုတာနဲ့ ဘာပုဒ်မ တပ်ထားသလဲဆိုတာ မသိရသေးဘူးလို့ Frontier Myanmar သတင်းဌာနရဲ့ အမှုဆောင်အရာရှိချုပ် ဦးဆန်နီဆွေက ဗီအိုအေမြန်မာပိုင်းကို ပြောခဲ့ပါတယ်။ အခုအခြေအနေဟာ သတင်းထောက်တွေအတွက် ခက်ခဲတဲ့ အခြေအနေဖြစ်နေတယ်လို့ သူက ပြောပါတယ်။

"ဖရန်တီးယားမြန်မာ ကျနော်တို့ဝိုင်းတော်သားတွေအပါအဝင် ဒီသတင်းလောကတခုလုံးက အရေးကြီးတဲ့အခြေအနေတခုကို ဖြတ်သန်းနေရပါတယ်။ ဒီလိုသတင်းထောက်တွေ ဖမ်းဆီးအရေးယူခံနေရတာကတော့ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ အဲအတွက်ကျနော်စိတ်ပူတယ်။ အဲလို အပြစ်ပေးအမိန့်ချတာမလုပ်ဖို့ ကျနော်တောင်းဆိုပါတယ် "

ကွာလာလမ်ပူမြို့ကို ထွက်ခွာမယ့် မစ္စတာ ဒန်နီဖန်စတာကို လေယာဉ်ခရီးစဉ်မတိုင်မီ လေဆိပ်မှာ ဖမ်းဆီးခေါ် ဆောင်သွားခဲ့တာဖြစ်ပြီး အခုအခါ သူ့ကိုအင်းစိန်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရကြောင်း Frontier Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာ ဒန်နီ ဖန်စတာဟာ မြန်မာနိုင်ငံမှာ တရားဝင် ပြည်ဝင်ခွင့်ဗီဇာနဲ့ နေထိုင် လုပ်ကိုင်နေသူတဦးလည်းဖြစ်ပါတယ်။ အားလပ်ရက် မိသားစုနဲ့တွေ့ဖို့ပြန်ချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နောက်ထပ် အမေရိကန်နိုင်ငံသားကတော့ ကမာရွတ်မီဒီယာကို တည်ထောင်ခဲ့သူ အယ်ဒီတာချုပ် နေသန်မောင် ခေါ် ကိုမောင်မောင်ထွေးဖြစ်ပါတယ်။ သူ့ကို မတ်လ ၉ ရက်နေ့ထဲက ဖမ်းဆီးထားပြီး သူနဲ့ပါတ်သက်တဲ့နောက်ဆက်တွဲ သတင်းမသိရသေးပါဘူး။

မတ်လ ၁၂ ရက်နေ့ တောင်ကြီးမြို့က ထိုင်သပိတ်ဆန္ဒပြတာကို သတင်းဓါတ်ပုံရိုက်စဉ် ဖမ်းဆီးခံရတဲ့ ပိုလန်နိုင်ငံသား သတင်းထောက် ရောဘတ် ဘူဂျီ (Robert Bociag) ကိုတော့ စစ်ကောင်စီက ဖမ်းဆီးပြီးတပါတ်အကြာမှာပဲ လွှတ်ပေးပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံသားအလွတ်တန်းသတင်းထောက် Yuki Kitazumi ဟာလည်း ဧပြီ ၁၈ ရက်နေ့မှာဖမ်းခဲ့ရပြီး မေ ၁၄ ရက်မှာ ဂျပန်နိုင်ငံကို ပြန်ပို့ခံရပါတယ်။

စစ်ကောင်စီက သတင်းမီဒီယာသမားတွေအပေါ် ပစ်မှတ်ထား အရေးယူနေတာတွေကြောင့် သတင်းသမားတချို့ ထွက်ပြေးတိမ်းရှောင်နေရတာတွေလည်း ရှိပါတယ်။ တပ်မတော် ပြိုကွဲအောင် လှုံဆော်မှု၊ ရေးသားပြောဆိုမှု လုပ်တယ်ဆိုပြီး ပုဒ်မ ၅၀၅-က နဲ့ ဝရမ်းထုတ် ဖမ်းဆီးတာတွေလည်း ရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေမှာ သတင်းယူနေစဉ် ဖမ်းဆီး ခံထားရတဲ့ သတင်းထောက်တချို့ကိုတော့ ရုံးထုတ်စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။

ဒီထဲက Myanmar Now သတင်းထောက် မကေဇွန်နွေးဟာ ဖမ်းဆီးခံရတာ သုံးလနီးပါး ရှိနေပေမဲ့ မိသားစုနှင့် တွေ့ခွင့်မရသေးသလို အင်းစိန်ထောင်အတွင်း တိုက်ပိတ်ခံထားရဆဲဖြစ်တာမို့ သူ့ကျန်းမာရေးကို မိသားစုဝင်တွေဘက်က စိတ်ပူပန်နေရတယ်လို့ လုံခြုံရေးကြောင့် နာမည်နဲ့ အသံသုံးခွင့်မပေးနိုင်တဲ့ သူမ မိသားစုနဲ့နီးစပ်သူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။

အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ် သူ မကေဇွန်နွေးမှာ ဘာသာရေးအစဉ်အလာအရ အစာစားတာရှောင်ပြီး ဥပုသ်စောင့်ခဲ့တာကို ထောင်တွင်း အစာငတ်ခံ ဆန္ဒပြဖို့ လူစုတယ်လို့ စွပ်စွဲကာ တိုက်ပိတ်အပြစ်ဒဏ်ခံရတာပါ။ ၈ပေx၁၂ပေ အခန်းကျဉ်းတစ်ခုမှာ နောက်ထပ် အမျိုးသမီးနှစ်ဦးနဲ့အတူ တိုက်ပိတ်ခံထားရပါတယ်။ အာရုံကြောနဲ့ အစာအိမ်ဝေဒနာတွေခံစားနေရတဲ့ သူမကျန်းမာရေး ကိုမိသားစုဝင်တွေကစိုးရိမ်နေသလို ပြန်လည်လွတ်လာသူတွေ အပြောအရ ကေဇွန်နွေးမှာ ထောင်တွင်းစစ်ဆေးမှု တွေ လည်းမကြာခဏ ခံနေရတယ်လို့ နီးစပ်သူကပြောပါတယ်။ သူမအခြေအနေနဲ့ပတ်သတ် လို့ သူမရှေ့နေ ဒေါ်နီလာခိုင်က ဗွီအိုအေကိုခုလိုပြောပါတယ်။

"ရုံးချိန်းက ၆လပိုင်း ၃ရက်နေ့ပြန်ချိန်းပါတယ်။ ၂၀ ရက်နေ့ကသက်သေတယောက်စစ်တယ်။ အချိန်းတိုင်းတော့ သက်သေတွေစစ်နေတယ်။ ၆လပိုင်း ၃ရက်နေ့လည်း သက်သေတယောက် စစ်မယ်။ တရားလိုပြီးမှတရားခံဘက်သွားမှာပါ။ ခုက တရားလိုဘက်ကသက်သေမပြီးသေးဘူး။ ခုထိတိုက်ပိတ်ခံ နေရတယ်လို့သူပြောတယ်။ ဘာလို့တိုက်ပိတ်တာလဲ ဆိုတာမသိသေးဘူး။ ဘာကြောင့်တိုက်ပိတ်တာလဲ မသိဘူးတဲ့ အခုက တိုက်ပိတ်ခံနေရတုန်းပါဘဲပြောတယ်"

မကေဇွန်နွေးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ က ရန်ကုန်မြို့ မြေနီကုန်းမှာစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ သတင်းယူ နေချိန် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ - ခနဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

မန္တလေးအခြေစိုက် Voice of Myanmar သတင်းဌာန အယ်ဒီတာချုပ် ကိုနေလင်းနဲ့ သတင်းထောက် ကိုရှိုင်းအောင်တို့ကိုလည်း မေလ ၂၄ ရက်နေ့က အွန်လိုင်း ကနေတစ်ဆင့် ရုံးထုတ်ခဲ့ပါတယ်။

ပုဒ်မ ၅၀၅-ကနဲ့ တရားစွဲခံရတဲ့သူတို့ ၂ ဦးကိုVideo Conferencing နဲ့ ရုံးထုတ်တယ်လို့သာ သိရပြီး ဇွန်လ ၇ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးချိန်းထပ်မံ ချိန်းဆိုတယ်လို့ ဇနီးဖြစ်သူက ဗီအိုအေကိုပြောပါတယ်။ လက်ရှိအချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရသေးဘဲ ကိုနေလင်းတို့ကို ဘယ်မှာ ထိန်းသိမ်းထားသလဲဆိုတာ တိတိကျကျ မသိရသေးဘူးလို့လည်း ပြောပါတယ်။

"မိသားစုနဲ့တော့တွေ့ခွင့်မရဘူး။ သူတို့ကထောင်ထဲရှိလည်းမတွေ့ရဘူး. စစ်ကြောရေးမှာလဲ မတွေ့ရဘူး။ ထောင်ထဲပို့လည်းသူတို့ကတွေ့ခွင့်မပေးဘူးလေ။ ရှေ့ဆက်ကတော့ ဘာလုပ်ရမလဲမသိ သေးဘူးဖြစ်နေတာ။ သူတို့က အမသိတာက ဒီနေ့ဗွီဒီယိုနဲ့ရုံးထုတ်တယ်။ လာမယ့် ၇ ရက်နေ့ ရုံးပြန်ချိန်း တယ်ဒါဘဲသိသေးတယ်။ အမှုဆွဲတင်မလားမတင်ဘူးလားဆိုတာ ရမန်ထုတ်တာလားဆိုတာကလည်း ဘာမှန်းမသိဖြစ်နေတာ..၅၀၅-ကနဲ့ဆွဲတာဘဲသိတယ်. အမှုအခြေအနေကဘာမှန်းမသိဘူး.. ၇ရက်နေ့လည်းဒီလိုဆက်ဖြစ်နေရင်တော့ အမတို့က ရှေ့နေဌားခုခံချေပရမှာပေါ့"

VOM သတင်းဌာနက ကိုနေလင်းနဲ့ ကိုရှိုင်းအောင်တို့ကို စစ်ဆေးစရာရှိလို့ဆိုပြီး နေအိမ်ကနေ ဧပြီလ ၂၇ ရက်နေ့ကတည်းက စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ထဲက သတင်းထောက်အယောက် ၈၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး အယောက် ၄၀ ထက်မနည်း ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။ ၁၀ယောက်ထက်မနည်းကတော့ ဖမ်းဝရမ်း ထုတ်ခံထားရပါတယ်။

မဇ္ဖိမ၊ ဒီဗီဘီ စတဲ့ သတင်းလုပ်ငန်းကြီးတွေ အပါအဝင် လုပ်ငန်းလည်ပါတ်ခွင့် ရပ်ဆိုင်းလိုက်တဲ့ သတင်းဌာနပေါင်းလည်း ၈ ခုရှိသွားပါပြီ။

......................................

တိုက်ရိုက် လင့်ခ်

{{Unicode}}





















XS
SM
MD
LG