သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"သြစတြေးလျ ကုမ္ပဏီတွေကြောင့် စစ်ကောင်စီဝင်ငွေရ" - Justice for Myanmar


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အနောက်တောင်ဘက် မြေရှားသတ္တုတူးဖော်ရေးမိုင်းတွင်းများ (၂၀၂၂ခုနှစ်)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အနောက်တောင်ဘက် မြေရှားသတ္တုတူးဖော်ရေးမိုင်းတွင်းများ (၂၀၂၂ခုနှစ်)

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းလုပ်ကိုင်နေကြတဲ့ ဩစတြေးလျ သယံဇာတတူးဖော်ရေးလုပ်ငန်းတွေဟာ မြန်မာစစ်ကောင်စီကို ဘဏ္ဍာရေးအရ ထောက်ပံ့ရာ ရောက်နေတယ်လို့ Justice for Myanmar အဖွဲ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။ Justice for Myanmar အဖွဲ့ကထုတ်ပြန်တဲ့"Mines Against Humanity" လို့ အမည်ပေးထားတဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားတဲ့ သယံဇာတတူးဖော်ရေးကုမ္ပဏီ အများအပြားရှိနေပြီး အဲဒီကရတဲ့ ဝင်ငွေတွေနဲ့ စစ်ကောင်စီက အတိုက်အခံ အင်အားစုတွေကို ဖြိုခွင်းဖို့အတွက် အသုံးပြုနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သယံဇာတတူးဖော်တဲ့ လုပ်ငန်းလုပ်ကိုင်နေတဲ့ ဩစတြေးလျကုမ္ပဏီ အနည်းဆုံး ၁၀ ခုလောက်ရှိတယ်လို့ Justice for Myanmar အဖွဲ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၃ နှစ်ကြာလာတဲ့အထိ စစ်ကောင်စီအတွက် ဝင်ငွေ အများအပြားရရှိစေတဲ့ လုပ်ငန်းတွေ ရပ်တန့်ဖို့ ဩစတြေးလျနိုင်ငံက ပျက်ကွက်နေဆဲဖြစ်တယ်လို့ Justice for Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းသဘောသဘာဝ၊ စစ်ကောင်စီကို ဘယ်လိုပုံစံနဲ့ ငွေပေးချေတယ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရရှိတဲ့ ဝင်ငွေတွေကို စစ်ကောင်စီက လူ့အခွင့်အရေး ချိုးဖောက်မှု ရှိမရှိ စုံစမ်း စစ်ဆေးခြင်း ရှိမရှိ စတာတွေကို ကုမ္ပဏီတွေထံ မေးခွန်းထုတ်ခဲ့ပေမယ့် အများစုက အကြောင်းပြန်ကြားခြင်း မရှိဘူးလို့ Justice for Myanmar အဖွဲ့က ဗွီအိုအေကို ပြောပါတယ်။

Justice for Myanmar အဖွဲ့ရဲ့ မေးခွန်းတွေကို အကြောင်းပြန်ခဲ့တဲ့ Knight Piesold ကုမ္ပဏီကတော့ သူတို့ကို တရုတ် ဝမ်ပေါင်ကုမ္ပဏီက ငှားခဲ့ပြီး အခုချိန်ထိ မြန်မာနိုင်ငံအတွင်းမှာ လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေဆဲဆိုတာကို အီးမေးလ်နဲ့ အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG