ကချင်ပြည်နယ် ဗန်းမော်နဲ့မံစီမြို့ကို KIA နဲ့ မဟာမိတ်တွေဟာ တလကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက် နေရာမှာ ဒီနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။ တလကျော်ကြာအောင် ပြင်းထန်နေတဲ့တိုက်ပွဲကြောင့် ဗန်းမော်မြို့ ရပ်ကွက်အတော်များများဟာ ထိခိုက်ပျက်ဆီးတာတွေ များပြားနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ်က စစ်ရေးပဋိပက္ခ နောက်ဆုံးအခြေအနေ ရန်ကုန်ကသတင်းပေးပို့ထား ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်တွေဟာ ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့ မံစီမြို့တွေကို ဒီဇင်ဘာလ ၄ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့တာပါ။ ဒီကနေ့မှာတော့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေ တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။
“ဒီနေ့ ဗန်းမော်ဘက်မှာ တိုက်ပွဲကတော့ တကျော့ပြန်ပြီးမှ ပြင်းထန်တယ်ဆိုတာကတော့ ကြား ပါတယ်ခင်ဗျ။ ဗန်းမော်ရော၊ မံစီရော အဲဒီနှစ်နေရာစလုံးမှာ ပြင်းထန်တယ်ကြားရပါတယ်။ စခန်းသိမ်းတာတွေ ဘာတွေကတော့ မကြားရသေးပါဘူး။”
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေ ရှိပေမဲ့ အသေးစိတ်မသိရသေးကြောင်း ပြော ပါတယ်။ ရှေ့တန်းရောက် KIA တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတဦးကတော့ KIA နဲ့ မဟာမိတ်တပ်တွေဟာ တိုက်ပွဲကာလတလကျော်လာချိန်မှာ ဒီကနေ့ကစပြီး ထိုးစစ်အရှိန်ကိုမြှင့်တင်လာကြောင်းနဲ့ ဝိုင်းမော် ဘက်မှာလည်း တိုက်ပွဲဖြစ်ကြောင်း ပြောပါတယ်။
“ဗန်းမော်ဘက်မှာတော့ ဒီမနက်ကနေစပြီး တိုက်ပွဲပြန်ပြင်းထန်နေပြီတဲ့။ တိုက်ပွဲအရှိန်မြှင့်တာပေါ့။ KIA နဲ့ မဟာမိတ်အဖွဲ့ကနေ တိုက်ပွဲအရှိန်မြှင့်တော့ တိုက်ပွဲတော်တော်ပြင်းထန်နေတယ်တဲ့။ ပြီးရင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တောက်လျှောက်လုပ်နေတယ်တဲ့။ သူတို့ဘက်က အဲဒီ ဒရုန်းတွေရော၊ လက်နက်ကြီးတွေရော၊ လေကြောင်းရောဆိုတော့ တော်တော် ပြင်းပြင်းထန်ထန် ခုခံနေတယ်။ မံစီဘက်လည်း တိုက်ပွဲပြင်းထန်နေတုန်းပဲ ပြောတယ်။ အဲဒီဘက်လည်း။ ဝိုင်းမော်က အဲဒီ နန်ဇော်ယန်နဲ့ လမြန်ပေါ့။ အဲဒီရွာဘက်ကို စစ်ကြောင်းတွေ တောက်လျှောက်ထိုးတော့ လွန်ခဲ့တဲ့ ၄ ရက်လောက်ကနေ ထင်တယ် ချကြတာ။ အဲဒီမှာ။”
ဝိုင်းမော်မြို့နယ် နန်ဇော်ယန်နဲ့ လမြန်ရွာဘက်တွေမှာတော့ ဒီလ ၃ ရက်နေ့က စတင် တိုက်ပွဲဖြစ်ခဲ့ တာပါ။ ဗန်းမော်ဒေသခံတဦးကတော့ လက်ရှိ ဗန်းမော်၊ မံစီဘက်က တိုက်ပွဲအခြေအနေကို အခုလို ပြောပါတယ်။
“ဗန်းမော်လည်း ၄၇ က ကျန်နေသေးတယ်ဗျ။ ၄၇ ပြီးသွားပြီဆိုရင်တော့ စီးမိသွားပြီပေါ့ဗျာ။ ၄၇ ကျသွားပြီဆိုရင်တော့ ဗန်းမော်က လုံး၀ စီးမိသွားပြီပေါ့။ သူတို့ ၄၇ ကို ပိုင်ပိုင်နိုင်နိုင် ရသွားပြီ ဆိုရင်တော့ ၂၁ တခုပဲ အေးအေးဆေးဆေး လုပ်လို့ ရမှာပေါ့နော်။ ဟိုဘက်ကတော့ မံစီဘက်ကတော့ ၆၀၁ နဲ့ ၃၁၉ အဲဒီနှစ်ခု ကျန်တယ်။ အဲဒါတော့ မံစီဘက်အခြမ်းပေါ့။”
ဗန်းမော်မြို့မှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၂၁ ၊ခြေလျင်တပ်ရင်း ၄ ရင်း၊ အမြောက်တပ်၊ တင့်ကားတပ်အပြင် ဆက်သွယ်ရေးတပ်၊ ဆေးတပ်၊ အင်ဂျင်နီယာတပ်၊ စစ်မြေပြင် စစ်လက်နက် ပစ္စည်းတပ်၊ ထောက်ပံ့ရေးတပ်စတဲ့ လက်ရုံးတပ်ဖွဲ့တွေလည်း အခြေစိုက်ထားသလို မံစီမြို့မှာ ခမရ ၃၁၉၊ ၆၀၁နဲ့ အမှတ် ၅၂၃ အမြောက်တပ်တွေအခြေစိုက်ထားတာပါ။
တိုက်ပွဲကာလ တလကျော်ကြာမြင့်လာချိန်မှာ ဗန်းမော်မြို့က လူနေရပ်ကွက်အတော်များများ ထိခိုက် ပျက်စီးတာတွေ များပြားနေကြောင်းလည်း ဆက်ပြောပါတယ်။
“ဗန်းမော်ကတော့ တော်တော်တော့ နာကုန်ပြီဗျ။ ဆေးရုံကြီးကလည်း ကြေသွားပြီ။ နောက် သိမ်တော်ကြီးဘုရားဝင်း ကြေသွားပြီ။ ကျနော်တို့ ဗန်းမော်ဆိပ်ကမ်းဘက်ကပေါ့။ ခွန်သာတို့၊ တပ်ကလေးတို့ဘက်အခြမ်းလည်း ကြေသွားပြီ။နောက် ၃မ ိုင်ကွက်သစ်လည်းကြေသွားပြီ။ နောက် ၂ မိုင်မီးပွိုင့်လမ်းဆုံ မနေ့က ကျတယ်။ ကုက္ကိုတောဈေးနားလေးကအခြမ်း။ မနေ့က ကျတယ် ပြောတယ်။ ကုက္ကိုတောဈေးက အတော်ကို စည်ကားနေတာပေါ့ဗျာ။ အဲဒီမှာ မနေ့က ကျတယ်လို့ ပြောတယ်။ လေယာဉ်ပေါ့။ Y 12 နဲ့ ကြဲတဲ့ဟာတွေ ကျတာ။ လေကြောင်းကတော့ နေ့စဉ်လိုလို လေယာဉ်ကတော့ ကြဲနေတာ။ ကံဦးကျောင်းရဲ့ ဘယ်ညာပေါ့လေ။ သ/မ ဆီစက်ဝင်း ပြာဖြစ်သွားပြီ။ ညာဘက်ဆိုရင် အလယ်ရပ်ခေါ်တာပေါ့။ အဲဒီတကြောလည်း ပြာကျသွားပြီ။”
၂၀၁၄ ခုနှစ် လူဦးရေစာရင်းအရ ဗန်းမော်မြို့မှာနေထိုင်သူ တသိန်းလေးသောင်း (၁၄၀,၀၀၀) ခန့်နေထိုင်နေပြီး တိုက်ပွဲဖြစ်ပွားပြီး နှစ်ပတ်ကျော်ကာလမှာ မြို့ လူဦးရေနဲ့ သုံးပုံနှစ်ပုံလောက်ဟာ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ အရပ်သား ၃၀ ခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၅၀ ကျော်ရှိကြောင်း ကချင်အရပ်ဘက် အဖွဲ့အစည်းတွေက ထုတ်ပြန်ထား ပါတယ်။ ကချင်ပြည်နယ်တွင်းက တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
Forum